ကိုဗစ်ကာလ မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် ဝင်ရောက်ခွင့် ဖြေလျှော့ရေးဆွေးနွေး

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မယ့်အခြေအနေပေါ်မူတည်ပြီး နှစ်နိုင်ငံကြား ကာလရှည် နေထိုင်ခွင့်ရသူတွေ အပြန်အလှန်ဝင်ရောက်ရေး တစ်ဆင့်ချင်း ဖြေလျှော့သွားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စကို စက်တင်ဘာလလယ်မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Image may contain: 2 people, people standing

ဒါ့အပြင် ဂျပန်နိုင်ငံကို ကာလတို သွားရောက်လိုတဲ့ အတတ်ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပြည်ဝင်ခွင့်ဖြေလျှော့ပေးမယ့် business track အစီအစဉ်၊ ဂျပန်အစိုးရကပေးတဲ့ ပညာသင်ဆုရရှိထားတဲ့ မြန်မာပညာ တော်သင်တွေ ပြည်ဝင်ခွင့်ရရေးလည်း ဆက်လက်ညှိနှိုင်းဖို့ ဆွေးနွေးခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သြဂုတ် ၂၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ခြောက်လတာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံတော်အဆင့် ဧည့်သည်တော်လည်းဖြစ်ပါတယ်။

Image may contain: one or more people, people sitting and indoor

မနေ့ကဆွေးနွေးပွဲမှာ ကိုဗစ်ကာလအရေးတွေအပြင် နိုဝင်ဘာရွေးကောက်ပွဲအတွက် ဂျပန်ကအကူအညီပေးအပ်မယ့်အစီအစဉ်တွေနဲ့လေ့လာသူအဖွဲ့ စေလွှတ်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဂျပန်အစိုးရက ကူညီပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာစေရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်တွေအကြား သဟဇာတ ဖြစ်ရေးနဲ့ တည်ငြိမ်ရေးအပါအဝင် မြန်မာအစိုးရ ကိုယ်တိုင်စီမံဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များကို ဆက်လက် ထောက်ခံအားပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

Image may contain: 2 people, people sitting, table and indoor

ဓာတ်ပုံ-MOFA

ဘီဘီစီမြန်မာပိုင်း

Facebook Comments

Burmese Online News