ယူအေအီးကျန်းမာရေးဝန်ကြီးက နိုင်ငံတွင်အဦးဆုံးအနေနှင့် Covid-19 ကာကွယ်ဆေး စတင်ထိုး

ယူအေအီးနိုင်ငံမှာ Covid-19ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်က နိုင်ငံမှာအဦးဆုံးအနေနဲ့ စတင်ထိုးနှံခဲ့တာလို့ သိရပါတယ်။ တရုတ်ရဲ့ Sinopharma CNBG ကာကွယ်ဆေးကို ယူအေအီးနိုင်ငံမှာ အဆင့်၃စမ်းသပ်လေ့လာမှုစတင်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းအနေနဲ့ အဦးဆုံးစတင်ထိုးနှံခဲ့သူတွေထဲမှာ ကျန်းမာရေးဝန်ကြီးအပြင် အဘူဒါဘီကျန်းမာရေးဌာနဥက္ကဋ္ဌ ရှိတ်အဘဒူလာဘင်မိုဟာမက်အယ်ဟာမက်နဲ့ အတွင်းရေးမှူးဒေါက်တာဂျမေးလ်အယ်လ်ကာဘီတို့လည်း ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

ကျန်းမာရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာန (MoHAP)ရဲ့အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံမှုတွေစတင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေဆီမှာ ကနဦးထိုးနှံမှုတွေဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ အခုနှစ်အတွင်းမှာတင် စေတနာ့ဝန်ထမ်း ၁၃၀၀၀ဦးထိ ကာကွယ်ဆေးထိုးပေးသွားဖို့ စီစဉ်ထားပြီး စမ်းသပ်ထိုးနှံပြီးသွားသူတစ်ချို့မှာ လည်ချောင်းနာနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးမှာလိုမျိုးအလားတူတဲ့ မပြင်းထန်တဲ့တုံ့ပြန်မှုလက္ခဏာတွေပြခဲ့တယ်လို့ သိရပါတယ်။

ယူအေအီးနိုင်ငံမှာ ကာကွယ်ဆေးအဆင့်၃ စမ်းသပ်မှုနဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့ဇွန်လ ၂၃ရက်က အဘူဒါဘီမြို့မှာ ယူအေအီးကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်နဲ့ တရုတ်သံအမတ်နီကျန်းတို့က သဘောတူလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွက် အဘူဒါဘီကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီရဲ့စီမံခန့်ခွဲမှုနဲ့ ဆေးရုံငါးရုံမှာထိုးနှံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၂ရက် Worldometers စာရင်းအရ ယူအေအီးနိုင်ငံမှာ Covid-19ကူးစက်သူဦးရေ ၈၅၅၉၅ဦးထိ ရှိခဲ့ပြီး သေဆုံးသူ ၄၀၅ဦးရှိခဲ့ပြီလို့သိရပါတယ်။ ကူးစက်သူတွေထဲကနေ ပြန်သက်သာလာသူက ၇၅၀၈၆ဦးဖြစ်ပြီး လက်ရှိကုသမှုခံယူနေရဆဲကူးစက်သူဦးရေက ၁၀၁၀၄ဦးဖြစ်တယ်လို့ သိရပါတယ်။

သံသာ

Facebook Comments

Burmese Online News