WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်၏ ရုပ်အလောင်းကို ကျောက်ဖြူမှ ပြည်မြို့သို့ ပို့ဆောင်
ရခိုင်ပြည်နယ်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ရဲ့ ရုပ်အလောင်းကို ကျောက်ဖြူမြို့မှတဆင့် လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းကားနဲ့ သူ့ရဲ့နေရပ် ပြည်မြို့ကိုပို့ဆောင်နေပြီဖြစ်ပါတယ်။
စစ်တွေမြို့ကနေ ဧပြီ ၂၂ ရက်မနက်က စက်လှေနဲ့ သယ်ဆောင်လာတဲ့ ဦးပြည့်စုံဝင်းမောင်ရဲ့ ရုပ်အလောင်းဟာ ကျောက်ဖြူမြို့ အမှတ်(၃)ဆိပ်ကမ်းကို မွန်းလွဲ ၃ နာရီကျော်မှာ ရောက်ရှိလာပြီး ပြည်မြို့ကို ဆက်လက်ပို့ဆောင်လိုက်တာလို့ လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်း ဥက္ကဋ္ဌ ဦးဂျပန်ကြီးက ပြောပါတယ်။
“သူတို့က စစ်တွေကနေပြီးတော့ မနက် (၇) နာရီကျော်လောက်က ရုပ်အလောင်းကို လှေနဲ့သယ်ပြီးတော့ ထွက်လာတယ်လို့ ပြောတယ်။ ဒီကိုတော့ ၃ နာရီကျော်လောက်မှာ ရောက်တာပေါ့။ ဒီကနေပြီတော့ ကျနော်တို့ လေးဝတီကုလရက္ခိတအသင်းကားနဲ့ ကျန်းမာရေးဌာနက ကားတစ်စီးနဲ့ပေါ့ သူရဲ့ ရုပ်အလောင်းကို ပြည်မြို့ကသူတို့မိသားစုဆီကို အရောက်ပို့ဖို့ထွက်သွားပါ”
ဧပြီ ၂၀ ရက်က WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် မောင်းနှင်လာတဲ့ ယူအန်တံဆိပ်ပါကားနဲ့ COVID-19 ဓာတ်ခွဲနမူနာတွေ ရန်ကုန်ကိုပို့ဖို့ တင်ဆောင်လာစဉ် မင်းပြားမြို့နယ် ရာမောင်တံတား အလွန်မှာ ပစ်ခတ်ခံခဲ့ရတာပါ။
ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ WHO ဝန်ထမ်းကျန်းမာရေး ကြီးကြပ်သူ ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာအသီးသီးရရှိသွားပြီး မင်းပြားဆေးရုံမှာ ဆေးကုသမှုပေးနေစဉ် ဦးပြည့်စုံဝင်းမောင်မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဧပြီ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။
#DVB