ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀၀ ကျော်သွားပြီဖြစ်တဲ့ စင်ကာပူ နှင့် သင်ခန်းစာယူစရာများ

“စင်ကာပူနှင့် သင်ခန်းစာယူစရာများ၊ ကိုဗစ်အလွန် ရိက္ခာအတွက် စိတ်အေးရတဲ့ မြန်မာပြည်”

စင်ကာပူသည် အာဆီယံတွင် ထိပ်ဆုံးနိုင်ငံတခုဖြစ်သည်။ စနစ်ကျခြင်း၊ စည်းကမ်းကြီးခြင်းနှင့် အုပ်ချုပ်ပုံကောင်းခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝသော နိုင်ငံလဲ ဖြစ်သည်။ ပညာရေးဖြင့် အခိုင်အမာတည်ဆောက်ထားသော နိုင်ငံလည်းဖြစ်သည်။ လူဦးရေ ၅ သန်းကျော်သာ ရှိသော စင်ကာပူသည် လူဦးရေ သန်း ၂၆၇ သန်းကျော်ရှိသော အင်ဒိုနီးရှားကိုကျော်ပီး COVID-19 ဖြစ်သူ ၁၀၀၀၀ ကျော်ရှိနေပီဖြစ်သည်။ လူဦးရေနှင့် ယှဉ်လျှင် ရောဂါဖြစ်နှုန်း အများဆုံးနိုင်ငံဖြစ်နေသည်။ ကမ္ဘာ့ထိပ်တန်းဟု ခေါ်ရမည့် စင်ကာပူတို့ ဘာများလွဲချော်ခဲ့သနည်း။ ထိုသည်ကို ၀ါရှင်တန်ပို့စ်က တင်ပြထားသည်ကို ကိုးကားဖော်ပြလိုပါသည်။

စင်ကာပူ၏ ရောဂါစတင်ဖြစ်ပွားချိန်က တုံ့ပြန်မှုများကို ထိပ်တန်းအဆင့်ဟု ကမ္ဘာ့ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များက ချီးကျူးခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ လူ ၁၀၀၀၀ ကျော်သွားပီဖြစ်သည်။ ဒုတိယလှိုင်းတွင် အတော်အထိနာသွားခြင်းဖြစ်သည်။ လက်ရှိကူးစက်ခံနေရသော လူများ၏ ၇၀% သည် အလုပ်သမားအဆောင်တိုက်တန်းကြီးများတွင် နေထိုင်ကြသူများဖြစ်သည်။ ထိုသူများသည် သူတို့နေထိုင်ရာ တိုက်တန်းများတွင်ပင် Lock Down ချခံထားရပီး အဖြေမရမချင်း ယခုလို ဆက်နေကြရမည့်ပုံဖြစ်သည်။ တချို့သည် ညအိပ်ပျော်ရန် အိပ်ဆေး၊ Painkiller တို့ပင် မရရှိဟု သိရသည်။

“အရာရာက အတော်ခက်ခဲနေတယ်။” ဟု တိုက်တန်းအတွင်း နေထိုင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက ပြောသည်။ သူသည် စင်ကာပူသို့ ရောက်ရှိနေသည်မှာ ၁၀ နှစ်ခန့်ရှိပီဖြစ်ပီး မြို့ပြဆောက်လုပ်ရေးတွင် လုပ်ဆောင်နေသူဖြစ်သည်။ သူတို့ တိုက်တန်းတွင် လူ ၂၅၀၀၀ ခန့်ရှိပီး အသည်းအသန်ဖြစ်နေသူများကိုသာ ဆေးရုံသို့ လာရောက်ခေါ်ဆောင်ပီး ကျန်သူများကို ဂရုမစိုက်ဟု သူက ဆိုသည်။ စင်ကာပူလူဦးရေ၏ ၃ ပုံ ၁ ပုံသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ လူဦးရေထူထပ်သော အဆောင်များတွင် နေရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လစာနည်းပါးခြင်းနှင့် ခွဲခြားဆက်ဆံခံရမှုများက ရောဂါကို ပိုဆိုးစေသည်။ ထိုသို့ အဆောင်များတွင် နေထိုင်နေရသော မြန်မာနိုင်ငံသားများ ပြန်လာချင်သည်ကိုလဲ သိရပါသည်။ သို့သော် လက်ရှိအခြေအနေအရ မည်သို့မျှ မတတ်နိုင်သေးပါ။

အစပိုင်းတွင် ရောဂါကို ထိန်းချုပ်နိုင်မှုကြောင့် စင်ကာပူအစိုးရက ကျေနပ်နေခဲ့သည်။ ပညာရှင်များက ထောက်ပြခဲ့သည့် အဓိကအချက်မှာ နိုင်ငံသားများကိုသာ ဂရုစိုက်ခဲ့ပီး ရွှေ့ပြောင်းအလုပ်သမားများကို ဂရုမစိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံသားများကို Mask ဝေပေးခြင်း၊ လက်ဆေးရည်များပေးခြင်းနှင့် ပြန်လည်အသုံးပြုနိုင်သော Mask များကို စင်ကာပူနိုင်ငံသားများကိုသာ ဝေမျှခဲ့သည်။ ထို့အပြင် အမေရိကန်နှင့် ဗြိတိန်မှ ပြန်လာကြသော စင်ကာပူနိုင်ငံသားများကို ကြယ် ၄ ပွင့်၊ ၅ ပွင့် အဆင့်ရှိ ဟော်တယ်များတွင် အစိုးရစရိတ်ဖြင့် ထားပေးခဲ့ကြပီး Quarantine လုပ်ခဲ့ကြသည်။ ရွှေ့ပြောင်းလုပ်သားများမှာ ဖေဖော်ဝါရီလဆန်းထဲက သူတို့ နေထိုင်ရမှုအတွက် စိတ်ပူနေခဲ့သော်လည်း မည်သို့မျှ မလုပ်ပေးခဲ့ပဲ ယခုအခါတွင်တော့ အရေးကြီးသောလုပ်ငန်းများမှ လုပ်သားများကို အဆောင်များမှ ရွှေ့ပြောင်းပေးနေပီဖြစ်သည်။ အင်္ဂါနေ့က မိန့်ခွန်းတွင်တော့ ၀န်ကြီးချုပ်က ခင်ဗျားတို့ကို စင်ကာပူနိုင်ငံသားတွေလိုပဲ ဂရုစိုက်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

စင်ကာပူ၏ COVID-19 ဒုတိယလှိုင်းသည် မတ်လအလယ်တွင် စတင်ခဲ့သည်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့တွင်လဲ တချိန်ထဲဖြစ်ပွားခဲ့သည်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်က အောင်မြင်စွာ ထိန်းချုပ်ခဲ့နိုင်ပေမယ့် စင်ကာပူကတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ အလုပ်သမားအဆောင်တိုက်ကြီးများတွင် Q မိနေသူများသည် အခန်းထဲမှ ထွက်ခွင့်မရှိသလို အနီးအနားရှိ တိုက်တန်းများမှလူများသည်လဲ Q ၀င်နေရပီး အပြင်သို့ ထွက်ခွင့်မရှိပေ။ ရဲများက စောင့်ကြပ်နေသည်။ ထိုသို့ နေထိုင်သည့် ရွှေ့ပြောင်းလုပ်သား ၂သိန်းကျော်ရှိသည်။ အများစုသည် လာရောက်လှူဒါန်းသူများအပေါ် မှီခိုပီး နေထိုင်နေရသည်။

အလုပ်သမားတယောက်က ပြောကြားရာတွင် ဧပြီ ၉ ရက်နေ့က အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားနေရသည့် လူနာအတွက် အကြံပေးချက်များအကြောင်း ရှင်းပြကြောင်း၊ ထို့နောက် သီးခြားခွဲနေထိုင်ရန်နှင့် မနေပါက ဒေါ်လာ ၇၀၀၀ ကို ဒဏ်ရိုက်မည်ဟု ဆိုကြောင်း ပြောသည်။ သူ၏ အခန်းကျဉ်းထဲတွင် နေထိုင်သူ ၁၂ ဦးရှိကြောင်း၊ ခွဲနေချင်ပင်လျှင် နေလို့မဖြစ်နိုင်ကြောင်း သူက ဆိုသည်။ Lock Down ကာလအတွင်း ဆရာဝန်ပြရဖို့ကို ရက်များစွာ စောင့်ဆိုင်းနေရသည်ဟု သိရသည်။ တချို့အခန်းများတွင်လဲ ရေချိုးဆပ်ပြာပင် မရှိတော့ကြောင်း သိရသည်။

စင်ကာပူ၏ လူတန်းစားခွဲခြား ဂရုစိုက်ခြင်းသည် COVID-19 လူနာများစွာ တွေ့ရှိရခြင်း၏ အဓိကအချက်ဖြစ်သည်။ မြန်မာအစိုးရကတော့ လူ ၅၄ သန်း ရှိလင့်ကစား လူမျိုး။ ဘာသာ မခွဲခြားပဲ ဖိဖိစီးစီးလိုက်လံ ကုသနေသည်မှာ အားသာချက်ဖြစ်သည်။ ထို့အပြင် တောကော မြို့ပါ ပါဝင်လာစေရန် အားထုတ်ပုံများကြောင့်လဲ ယခုအထိ ခံသာနေခြင်းဖြစ်သည်။ ဆက်လက်၍လဲ အတတ်နိုင်ဆုံး ကာကွယ်ကြရမည်ဖြစ်သည်။

ယခုကပ်ကြီးပီးသည့်နောက် စီးပွားပျက်ခြင်းအပြင် တကမ္ဘာလုံး ခံစားရမည့် ကပ်တခုမှာ အငတ်ဘေးဆိုက်ခြင်းဖြစ်မည်ဟု WFP (World Food Programme) က သတိပေးလိုက်သည်။ လူပေါင်း ၁၃၅ သန်းကနေ သန်း ၂၅၀ ခန့်အထိ အငတ်ဘေးဆိုက်နိုင်သည်ဟု ဆိုသည်။ သို့သော် စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံသည် ထိုဘေးမှလဲ ကင်းလွတ်နိုင်မည်ဖြစ်သည်။ စပါးစိုက်ဧက သန်း ၂၀ ခန့်ရှိသည့် မြန်မာနိုင်ငံသည် ဆန်အတွက် မပူပင်ရပေ။ ယနေ့ပင် အစိုးရက ဆန်စပါးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ အရန်ဆန်များ ၀ယ်ယူမည်ဆိုသည့်အတွက် အတော်ပင် စိတ်အေးရသည်။

လက်ရှိအချိန်မှာ နိုင်ငံအတော်များများမှာ ရိက္ခာအတွက် အခက်အခဲရှိလို့ မြန်မာပြည်က ဆန်တွေကို အလုအယက်ဝယ်နေကြပါတယ်။ အာဆီယံနိုင်ငံထဲကတောင် ၀ယ်ဖို့ ကမ်းလှမ်းမှုတွေရှိပါတယ်။ ဒီအချိန်မှာ အစိုးရက ပြည်ပကို ရောင်းမယ့် ဆန်တန်ချိန်ရဲ့ ၁၀% ကို အစိုးရကို ရောင်းရမယ်လို့ သတ်မှတ်လိုက်တာပါ။ ဗီယက်နမ်မှာလဲ ဒီလိုပဲ ကျင့်သုံးနေပါတယ်။ ထိုအတွက် လိုအပ်တဲ့ ငွေကြေး ၃၈ ဘီလီယံကို သင်္ကြန်မတိုင်မီထဲက သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲက ချထားပေးပီးသားဖြစ်ပါတယ်။ လက်ရှိ မတ် ၁၆ ကနေ ဧပြီ ၂၁ အထိ ပြည်ပပို့ဖို့ လျှောက်ထားတဲ့ ဆန်တန်ချိန်ကတော့ ၁သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆီကိုလဲ အစိုးရက အရန်အဖြစ် ၀ယ်ယူထားပေးဦးမှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံက ရောဂါဘေးမှာလဲ အကြီးအကျယ်မဖြစ်ပွားသေးသလို ရှေ့ဆက်လာနိုင်တဲ့ အငတ်ဘေးကိုလဲ အေးအေးဆေးဆေး ကျော်ဖြတ်ဖို့ရှိနေပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်ပေမယ့် ပြည်သူတွေ ပူးပေါင်းမှု ကောင်းသလို အစိုးရရဲ့ အချိန်နဲ့အမျှ စီမံမှုတွေကလဲ တချို့ချမ်းသာတဲ့ ထိပ်တန်းတိုင်းပြည်တွေထက် သာလွန်မှုရှိနေပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ ရိက္ခာအတွက်ကလဲ အထူး စိတ်ပူစရာ မရှိပါဘူး။ သဘာဝက ပေးတဲ့ အားသာချက်တွေနဲ့ ပေါင်းစပ်ပီး မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေရဲ့ အမှားတွေကို သင်ခန်းစာယူပီး ဒီနှစ်မှာ ကမ္ဘာကြီးကြုံတွေ့နိုင်တဲ့ ဘေးအန္တရာယ်တွေကနေ ကျော်လွှားနိုင်လို့မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

Nay Thway

Facebook Comments

Burmese Online News