လူနာအမှတ် ၁၂၂ ရဲ့ ဆေးစစ်မှုအဖြေကြေညာရာမှာ မနက်နဲ့ည ကွဲပြားမှုရှိခဲ့
မနက်ပိုင်းမှာ Negative ဟု ကြေညာပြီးမှ ညပိုင်းထုတ်ပြန်မှုမှာ Positive ဟု ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက ဓာတ်ပုံဆရာ နေဗလက “အဆိုတော်နီတာနဲ့ထိတွေ့ခဲ့လို့ တစ်မိသားစုလုံး Quarantine ဝင်ခဲ့ရပြီး ဒီနေ့ သွေးစစ်တဲ့အဖြေက တစ်မိသားစုလုံး Negative ဆိုလို့ အားလုံးပျော်လွန်းလို့ မျက်ရည်တောင်ကျခဲ့ရတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live လွှင့်ခဲ့ပြီးတဲ့နောက် ညဘက်မှာတော့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ Positive ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ ည (၈) နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ သာကေတမြို့နယ်က လူနာ နံပါတ် ၁၂၂ ဟာ အဆိုတော်နီတာ နဲ့ ထိတွေ့ဆက်ဆံခဲ့သူ ဓာတ်ပုံဆရာ နေဗလဖြစ်ပါတယ်။
လူနာအမှတ်(၈၄)အဖြစ် ရန်ကုန်မြို့၊ဝေဘာဂီဆေးရုံမှာ အဆိုတော်နီတာ တက်ရောက်ကုသမှုခံယူခဲ့ရပြီးနောက်ပိုင်းမှာ နီတာနေထိုင်ရာ သာကေတမြို့နယ်က မိသားစုဝင် ၁၅ဦးကို ကန့်သတ်စောင့်ကြည့်မှုတွေလုပ်ခဲ့ပါတယ်။ အဆိုတော်နီတာရဲ့တစ်မိသားစုလုံးဆေးစစ်ချက်အဖြေကို ဧပြီလ ၂၂ရက်နေ့ မနက်ပိုင်းက Quarantine ဝင်နေတဲ့အဆောင်မှာလာရောက်ကြေညာခဲ့ရာမှာအားလုံး Negative ဖြစ်တယ်လို့သိရှိခဲ့ရပေမယ့် ညပိုင်းထုတ်ပြန်ချက်မှာတော့ ယောက်ဖဖြစ်သူ နေဗလ Positive ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကာယကံရှင်မိသားစုကို ဆက်သွယ်ရာမှာတော့ “မှားသွားတာဖြစ်မယ်။ အန်တီလည်းသေချာမသိဘူး။ ညဘက်ကျတော့ Positive လို့ တင်ထားတယ်။
တခြားမိသားစုဝင်တွေတော့ ရောဂါပိုးမရှိဘူးပေါ့။ နီတာ နဲ့ နေဗလ နှစ်ယောက်မှာ ရောဂါပိုးတွေ့တယ်။ အန်တီလည်း သိပ်တော့ နားမလည်ပါဘူး” လို့ မိသားစုဝင်တစ်ဦးက ဖြေကြားခဲ့ပါတယ်။ ကာယကံရှင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မီဒီယာတွေကို လတ်တလော ဆက်သွယ်မှုမပြုလုပ်ဖို့ မှာကြားထားတယ်လို့ ပြောပါတယ်။ လူနာနံပါတ် ၁၂၂ ဟာ အသက် ၂၈ နှစ်အရွယ် ဓာတ်ပုံဆရာအမျိုးသားဖြစ်ပြီး Positive လူနာ အဆိုတော် နီတာရဲ့ ယောက်ဖဖြစ်ကာ အဆိုတော်နီတာ နဲ့ ထိတွေ့ခဲ့သူ စောင့်ကြည့်ခံရသူ မိသားစုဝင် ၁၅ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
ဓူဝံ