အမျိုးသမီးတွေ စမ်းတ၀ါးဝါးနဲ့ အချိန်ဆွဲလွန်းတာကြောင့် ကပ်ရောဂါ ကာလအတွင်း ယောက်ျားတွေသာ ဈေးဝယ်သင့်ဟု ဂျပန်မြို့တော်ဝန် ပြော
အမျိုးသမီးတွေဟာ ဈေးဝယ်ရာမှာ စမ်းတ၀ါးဝါးနဲ့ အချိန်ဆွဲလွန်းကြတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကာလမှာ ယောက်ျားသားတွေသာ မီးဖိုချောင်အတွက် ဟင်းချက်စရာ အ၀ယ်ထွက်သင့်တယ်လို့  ဂျပန်နိုင်ငံ အိုဆာကာမြို့တော်ဝန်က အကြံပြုခဲ့တာကြောင့် ၄င်းအပေါ် ဝေဖန်ပြစ်တင်သံတွေ ညံသွားခဲ့ပါတယ်။
ကပ်ရောဂါဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခဲ့ပြီး အချို့ဧရိယာတွေမှာဆိုရင် ဈေးထွက်ဝယ်တဲ့ အကြိမ်ရေလျှော့ချဖို့  တိုက်တွန်းထားသလို လူတွေအကြား ထိတွေ့မှု လျှော့ချနိုင်ဖို့ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ထွက်ယူရာမှာလည်း မိသားစုဝင်တစ်ဦးသာ စေလွှတ်ဖို့ တိုက်တွန်းထားပါတယ်။ အိုဆာကာ မြို့တော်ဝန် အီချီရို မတ်ဆူအီက ကြာသပတေးနေ့ မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ရာမှာ အမျိုးသမီးတွေဟာ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုဟာ ကောင်းနိုး ဒီဟာကောင်းနိုးနဲ့ အချိန်ကြန့်ကြာနေကြတာကြောင့် အမျိုးသားတွေသာ မီးဖိုချောင်အတွက် ဈေးဝယ်ထွက်သင့်တယ်လို့ ပြောဆိုခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမျိုးသားတွေဟာ သူတို့ ဝယ်မယ်ပြောထားတဲ့ ပစ္စည်းကို တန်းယူ တန်းဝယ်သွားကြကြောင်း၊ ဒါကြောင့် လူတွေအကြားထိတွေ့မှု ရှောင်ရှားနိုင်တဲ့အတွက် သူတို့ တွေပဲ ဈေးထွက်ဝယ်တာ ကောင်းတယ်လို့  မိမိ ထင်ကြောင်း အသက် ၅၆ နှစ်အရွယ် မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ သူ့ရဲ့ မှတ်ချက်အတွက် ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ ပြောဆိုချက်ဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအပေါ် လေးစားမှုမရှိခြင်းဖြစ်ကြောင်း တွစ်တာအသုံးပြုသူတစ်ဦးက စွပ်စွဲခဲ့ပါတယ်။ နောက်တစ်ဦးကလည်း မြို့တော်ဝန်ရဲ့ မှတ်ချက်ဟာ အမျိုးသမီးတွေအပေါ် မလိုမုန်းထားစိတ်ပြည့်နေကြောင်းဆိုခဲ့ပြီး စိတ်မပြတ်သား ရောင်ဝါးဝါး အမျိုးသားတွေလည်းရှိသလို စိတ်ဓါတ်ထက်မြက်ပြီး သွက်လက်ချက်ချာတဲ့ အမျိုးသမီးတွေလည်းရှိကြကြောင်း ဆက်လက်ပြောဆိုခဲ့ပါတယ်။
တတိယမြောက်တစ်ဦးကလည်း ဈေးဝယ်သူတွေကို အချိန်ဆွဲတယ်လို့  သူထင်နေတာလားလို့  မေးခွန်းထုတ်ခဲ့ပြီး သူတို့ဟာ ဈေးနှုန်းနဲ့ ပစ္စည်းအမယ်ကို ချင့်ချိန်စဉ်းစားကြရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မည်သို့ ပင်ဆိုစေ မြို့တော်ဝန် ပြောစကားအပေါ် ထောက်ခံချက်ပေးသူတွေလည်း ရှိခဲ့တယ်လို့  သတင်းမှာ ဖော်ပြခဲ့ပါတယ်။
#အကုန်သိ