COVID-19 ကုသဆေး remdesivir လူသား၌စမ်းသပ်မှု မအောင်မြင်
COVID-19 ပျောက်ကင်းနိုင်သည်ဟု ယူဆခံရသည့် ကိုရိုနာဗိုင်းရပ်စ်ဆေး remdesivir ဆေးကို လူသားတွင် ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ကြောင်း ဧပြီ ၂၃ ရက်တွင် မတော်တဆထွက်ပေါ်လာသည့် စမ်းသပ်မှုရလဒ်များအရ သိရှိခဲ့ရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ဝက်ဘ်ဆိုက်တွင် ဆေးစမ်းသပ်မှုရလဒ်အကျဉ်းချုပ်ကို ခဏတာဖော်ပြခဲ့ခြင်းဖြစ်ပြီး ဖိုင်နန်ရှယ်တိုင်းမ်သတင်းစာက WHO၏ဝက်ဘ်ဆိုက်တွင် ဖော်ပြမှုနှင့်ပတ်သက်၍ ပထမဆုံးသတင်းရေးသားတင်ဆက်ခဲ့သည်။
Remdesivir ဆေးနောက်ကွယ်က ကုမ္ပဏီဖြစ်သည့် Gilead Sciences ကမူ လူနာများအတွက် အကျိုးထူးရှိခဲ့ကြောင်း ဖြေရှင်းပြောဆိုခဲ့သည်။ တရုတ်၌ ပြုလုပ်သည့် စမ်းသပ်မှုတွင် လူနာ ၂၃၇ ဦးပါဝင်ခဲ့ပြီး ၁၅၈ ဦးကို Remdesivir ဆေးပေးခဲ့ကာ ၇၉ ဦးကို ပုံမှန်စောင့်ကြည့်သည့် နည်းလမ်းဖြင့်သာ ထားရှိခဲ့သည်။ လူနာ ၁၈ ဦးတွင် ဘေးထွက်ဆိုးကျိုးများရှိလာခဲ့ပြီးနောက် ဆေးပေးကုသမှုကို ရပ်ဆိုင်းခဲ့သည်။
ဆေးပေးကုသခံရသည့် လူနာနှင့် သာမန်စောင့်ကြည့်ခံလူနာများကြား ကွဲပြားမှုမရှိခဲ့ကြောင်း လေ့လာမှုစာတမ်းတွင်ရေးသားထားသည်။ တစ်လအကြာတွင် Remdesivir ဆေးဖြင့် ကုသခံရသည့် လူနာများအနက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းသေဆုံးပြီး သာမန်စောင့်ကြည့်ခံလူနာများအနက် ၁၂ ဒသမ ၈ ရာခိုင်နှုန်းသေဆုံးခဲ့သည်ကိုတွေ့ရသည်။
ဆေးစမ်းသပ်မှုရလဒ်မူကြမ်းကို ပညာရှင်များကြား သုံးသပ်နေဆဲဖြစ်ပြီး မှားယွင်းထုတ်ပြန်မိခြင်းဖြစ်ကြောင်း WHO ကပြောဆိုခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သည့် လူနာဦးရေနည်းပါးလွန်းခြင်းကြောင့် စမ်းသပ်မှုကို ကနဦးကတည်းက ရပ်ဆိုင်းခဲ့ပြီး စာရင်းပိုင်းအရလည်း ပြောစရာမရှိခဲ့ကြောင်း Gilead ကပြောဆိုခဲ့သည်။
#Myanmar Times