ပေါက်ခေါင်းက ကိုဗစ်-၁၉ လူနာသုံးဦးအနက် နှစ်ဦးမှာ ပိုးမတွေ့အဖြေထွက်ပြီ
ပေါက်ခေါင်းမြို့နယ်က လူနာနံပါတ် ၁၈၊ ၁၉ နဲ့ ၂၀ တို့ သုံးဦးအနက် ပိုးမတွေ့အဖြေ ထွက်ရှိသူနှစ်ဦးရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင်ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။
“မနေ့က(ဧပြီ ၂၄) အထိတော့တစ်ယောက်ကတော့ ဆက်ပြီး positive ဖြစ်တုန်းပဲ။ ကျန်နှစ်ယောက်မှာတော့ မတွေ့တော့ဘူး။ အခြေအနေကတော့ သုံးယောက်လုံး တည်ငြိမ်တယ်။ ကောင်းမွန်တယ်” လို့ ဆိုပါတယ်။ အဲဒီလူနာသုံးဦးအနက် နှစ်ဦးဟာ လူနာနံပါတ် ၁၅ ရဲ့ သားသမီးတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ အသက်၁၈ နှစ်အရွယ် တူမဖြစ်ပါတယ်။ သူတို့ဟာ လူနာနံပါတ် ၁၅ ထံကနေ ကူးစက်သူမိသားစုဝင်တွေဖြစ်ပြီး ၁၅ ရဲ့ခင်ပွန်းဖြစ်သူ လူနာနံပါတ် ၁၇ ကတော့ ရောဂါကူးစက်ခံရပြီး တစ်ပတ်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။
လက်ရှိမှာ လူနာနံပါတ် ၁၅ က ပိုးမတွေ့အဖြေထွက်ရှိထားပြီး ပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရသူ ကိုးဦးထဲက တစ်ဦးဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
#BBC