COVID-19 ရောဂါပိုးအတည်ပြု ဓါတ်ခွဲခန်း မန္တလေးတွင်ထားရှိမည်ဖြစ်၍ မေလအတွင်း စစ်ဆေးမှုများ စတင်နိုင်မည်

COVID-19 ရောဂါပိုးအတည်ပြု ဓါတ်ခွဲခန်း မန္တလေးတွင်ထားရှိမည်ဖြစ်၍ စစ်ဆေးမှုများကို မေလအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၂၇ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓါတ်ခွဲခန်းကို မန္တလေးမြို့ FDA ရုံးဟောင်းနေရာတွင် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

“မန္တလေး အပါအ၀င် အထက်မြန်မာပြည်က ပြည်သူတွေ COVID-19 ရောဂါပိုးရှိ၊ မရှိ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်း မန္တလေးမြို့မှာ ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်နေပါတယ်။ FDA ရုံးဟောင်းနေရာမှာ စီစဉ်ထားတယ်။ စင်္ကာပူက လှူဒါန်းလိုက်တဲ့ စက်လည်းရောက်ပြီ။ အဆောက်အအုံပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဓါတ်ခွဲခန်းတာဝန် ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သင်တန်း ပေးထားပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောသည်။

လက်ရှိတွင် COVID-19 ရောဂါပိုးရှိ၊ မရှိ အတည်ပြုရန် ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေး​နေရပြီး မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလအတွင်း နဂိုရောဂါအခံများ ပြင်းထန်မှုကြောင့် စောင့်ကြည့်လူနာ ၁၂ ဦး သေဆုံးမှုရှိပြီ ဖြစ်ကြောင်းသိရသည်။

“အခုက တစ်ပြည်လုံးက ရန်ကုန်ကို ဓါတ်ခွဲနမူနာပို့နေရတယ်။ ညကားနဲ့ ပို့တယ်။ ပြီးမှ မနက်မှ အဖြေသွားယူတယ်။ အနယ်နယ်အရပ်ရပ်က လာတာတွေကို ဓါတ်ခွဲနမူနာစုဆောင်းပြီး မန္တလေးက တစ်ဆင့်ပို့ရတာ။ တကယ်လို့ မန္တလေးမှာ လုပ်နိုင်တယ်ဆိုရင်တော့ အထက်မြန်မာပြည်က အားလုံးအတွက် စစ်ဆေးပေးနိုင်တော့မှာပါ’’ ဟု ၀န်ကြီး ဦးစိုင်းပန်ဆိုင်းက ထပ်မံပြောသည်။

အကုန်သိ

Facebook Comments

Burmese Online News