သေဆုံးသွားပြီဆိုတဲ့ ကောလဟလတွေကို ငြိမ်သက်စေခဲ့တဲ့ ကင်ဂျုံအန်
လွန်ခဲ့သည့် ၃ ပတ်လောက်ကတည်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ လူမြင်ကွင်းမှ ပျောက်ဆုံးနေသည့်အတွက် မီဒီယာများအကြားမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကောလဟလဖြင့် နာမည်ကြီးနေပါတယ်။ ကင်ဂျုံအန်ဟာ နှလုံးခွဲစိတ်ကုသမှုခံယူနေတာကြောင့် နေမကောင်းဖြစ်တာမှန်သော်လည်း အများထင်သလိုမျိုး သေဆုံးသွားတာမဟုတ်ပါဘူး။ ကင်ဂျုံအန် မသေသေးဘူးဆိုတဲ့ သတင်းကိုတော့ ဒီကနေ့ မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနမှ တဆင့် ဓာတ်ပုံများနှင့် တကွ ထုတ်ဖော်ပြသခဲ့ပါတယ်။
ကင်ဂျုံအန်ဟာ မြို့တော် ပြုံးယမ်း၏ မြောက်ဘက်ရှိ ဆန်ချွန်ဒေသရှိ ဓာတ်မြေသြဇာစက်ရုံ ဖွင့်ပွဲမှာ ပထမဦးဆုံးအနေဖြင့် လူမြင်ကွင်း၌ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ မြောက်ကိုရီးယား၏ တစ်ခုတည်းသော မီဒီယာတစ်ခုဖြစ်သည့် KCNA မှ ကင်ဂျုံအန်ဟာ စစ်တပ်အကြီးအကဲအရာရှိများ၊ ညီမဖြစ်သူ ကင်မ်ယုံဂျောင် နှင့်အတူ ပြုံးပြုံးရွှင်ရွှင်ဖြင့် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဖွင့်ပွဲကိုတော့ ထောင်ပေါင်းများစွာသော မြောက်ကိုရီးယား ပြည်သူများတက်ရောက်ခဲ့ကြသလို၊ ပြည်သူအများစုဟာ နှာခေါင်းစည်းများတပ်ဆင်၍ “ခေါင်းဆောင်ကြီး ကျန်းမာပါစေ၊ သက်ရှည်ပါစေ” ဆိုပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

Burmese