“နာဂစ်နဲ့ ကိုဗစ်” လွန်ခဲ့သော ၁၂ နှစ်က ယခုအချိန်တွင် အဆိုးရွားဆုံး ခံစားခဲ့ရသည့် မြန်မာပြည်

“နာဂစ်နဲ့ ကိုဗစ်”

လွန်ခဲ့သော ၁၂ နှစ်က ယခုလို အချိန်တွင် မြန်မာပြည်သည် သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည်။ နာဂစ်ဟူသော မုန်တိုင်းကြီးဖြစ်သည်။ ယခုအခါတွင်တော့ ကိုဗစ်ဆိုသော ကပ်ဘေးကြီးကို ခံစားနေရပီဖြစ်သည်။ ၁၂ နှစ်အချိန်ကာလ။ မတူညီသော အစိုးရများနှင့် သေဆုံးသွားသောအသက်များ။ ထိခိုက်ခဲ့ရသော ဘ၀များသည် ယခုထက်တိုင် ခံစားနေရဆဲဖြစ်သည်။ ၂၀၀၈ နာဂစ်ကာလကို မမေ့မလျော့အောင် ခဏလောက် ပြန်သွားကြပါစို့။

၂၀၀၈ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာ အိန္ဒိယမိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးတခုဖြစ်နေတယ်လို့ ကြေညာခဲ့ပီး အဆိုပါမုန်တိုင်းကို နာဂစ်လို့ နာမည်ပေးခဲ့ပါတယ်။ ဧပြီ ၃၀ မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ်အခြေအနေသတ်မှတ်ခဲ့ပီး ကျောင်းတွေပိတ်ပီး လူတွေကို နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ မေလ ၁ ရက်နေ့က စပီး အလွန်အားပြင်းတဲ့မုန်တိုင်းကြီးဟာ တနာရီကို လေတိုက်နှုန်း ၁နာရီကို ၂၁၅ မိုင်နှုန်းနဲ့ စတင်ဝင်ရောက်လာပါတော့တယ်။ မေလ ၂ ရက်နေ့ ညပိုင်းမှာတော့ မုန်တိုင်းဟာ ရန်ကုန်ကို ဖြတ်ကျော်ဝင်ရောက်လာပါတော့တယ်။ အဲဒီညကို ကြုံတွေ့ခံစားဖူးသူတွေ အများကြီးရှိကြမှာပါ။ ကျနော်လဲ တယောက်အပါအ၀င်ပါပဲ။

လူပေါင်း ၁၃၀၀၀၀ ကျော်ဟာ မေလ ၂ ရက်နဲ့ ၃ ရက်မှာ သေဆုံးခဲ့ကြရပါတယ်။ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သေကြေပျက်စီးမှုကြီးပါ။ အိမ်ပေါင်း ၄ သိန်းကျော် လုံးဝပျက်သွားပီး ၃ သိန်းကျော်လောက် ပြိုကျခဲ့ပါတယ်။ ပင်လယ်ရေတွေဟာ မြစ်ဝကျွန်းပေါ်ကို ဖုံးလွှမ်းနေပီး စိုက်ခင်းဧကပေါင်း ၆ သိန်းနီးပါး ရေလွှမ်းနေခဲ့ပါတယ်။ မကြုံစဖူး အဖြစ်ဆိုးကြီးပါ။ အဲဒီဒေသက ဆေးရုံတွေ ဆေးခန်းတွေ အကုန်နီးပါး ပျက်စီးခဲ့ပါတယ်။ ပြည်သူကို ကာကွယ်ဖို့ ဘာမှမလုပ်ခဲ့တာဟာ ဒီအဖြစ်ဆိုးကြီးကို ဖြစ်ပွားစေတာပါပဲ။ ဖြစ်ပီးသွားချိန်မှာတော့ မြန်မာလို နိုင်ငံငယ်တခုအတွက် ဒီလိုအဖြစ်ဆိုးကြီးကို ကိုင်တွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

နောက်တနေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ထိန်းချုပ်ရေးဌာနကို ရန်ကုန်မှာဖွင့်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဟာ အားနည်းလွန်းလှပါတယ်။ မြန်မာပြည်မှာ အားကောင်းတဲ့ တခုထဲသော အဖွဲ့အစည်းက တပ်မတော်တခုပဲရှိနေပီး သူတို့မှာလဲ ဒီလို ကြီးမားတဲ့ ကယ်ဆယ်ရေးအတွေ့အကြုံရှိမနေခဲ့ပါဘူး။

မြန်မာအစိုးရဟာ UNICEF ကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၄ နာရီအတွင်း ကမ္ဘာတ၀ှမ်းက ဘေးအန္တရာယ်ကယ်ဆယ်ရေး အထူးကျွမ်းကျင်သူတွေက ကမ္ဘာအနှံ့က မြန်မာသံရုံးတွေမှာ မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်ရဖို့ စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ၄၈ နာရီကြာတဲ့ထိ ၀င်လို့မရခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက အကူအညီတွေကတော့ ရန်ကုန်ကို ရောက်လာနေပါတယ်။

ဒီအချိန်မှာပဲ အိမ်ဖြူတော်က အမေရိကန်ရဲ့ ၃၁ ရေတပ်ဖွဲ့ဟာ အသင့်ရှိနေပီး ရဟတ်ယာဉ်အစီး ၂၃ စီးနဲ့ မရိန်းတပ်သား ၁၈၀၀ က ကူညီဖို့စောင့်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော် 7th fleet ရေတပ်စုနဲ့ လေယာဉ်တင်သင်္ဘောကြီး USS Nimitz ကလဲ ဒေသတွင်းမှာ အသင့်ရှိနေတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် နေပြည်တော်က သံသယတွေ များနေခဲ့ပါတယ်။ ဝင်ခွင့်မရခဲ့ပါဘူး။ မေလ ၁၀ ရက်နေ့မှာတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူ ၂ သန်းဟာ အရေးပေါ်အကူအညီလိုအပ်နေပါတယ်။

မေလ ၉ ရက်နေ့မှာတော့ အမေရိကန်နဲ့ မြန်မာတို့ သဘောတူညီချက်ရခဲ့ပီး အမေရိကန်ကုန်တင်လေယာဉ်တွေဟာ ရန်ကုန်ကို စတင်ပျံသန်းခဲ့ပါတယ်။ ကုလရဲ့ စားနပ်ရိက္ခာအစီအစဉ်ကလဲ ဘန်ကောက်မှာ တပ်စွဲပီး ရန်ကုန်ကို ပို့ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကုသအတွင်းရေးမှူး ဘန်ကီမွန်းကိုယ်တိုင် ရောက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံပီးနောက် WFP က ရဟတ်ယာဉ်တွေ ဧရာဝတီတိုင်းကို တိုက်ရိုက်ပျံသန်းလို့ ရခဲ့သလို နိုင်ငံပေါင်းစုံက အကူအညီပေးရေးလုပ်သားတွေ ၀င်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်ဟာ မုန်တိုင်းပီးလို့ ၂ပတ်ခန့်ရှိနေခဲ့ပါပီ။ လူများစွာဟာ အကူအညီမဲ့စွာ နေနေခဲ့ရပါတယ်။ နောက်ထပ်ပီး ကမ္ဘာကနေ အကူအညီတွေ အများကြီးရခဲ့ပေမယ့်လည်း ဘ၀တွေက နှစ်ပေါင်းများစွာ ပြန်လည်တည်ဆောက်နေခဲ့ရပါတယ်။

၁၂ နှစ်ကြာပီးတဲ့နောက် ထိုအချိန်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဦးဆောင်ပီး ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်နေပါပီ။ ဒီနေရာမှာတော့ ခေတ်အပြောင်းအလဲတွေနဲ့အတူ လုပ်ဆောင်ချက်တွေကလဲ ပြောင်းလဲခဲ့ပါပီ။ ဒီကပ်ရောဂါဘေးမှာ မြန်မာပြည်ဟာ အတော်အခြေအနေကောင်းနေခဲ့ပါတယ်။ မြန်မာပြည်က လူတချို့အပါအ၀င် ခန့်မှန်းထားသူတွေ အကုန်နီးပါး လွဲမှားခဲ့ကြရပါတယ်။ အခုချိန်ထိ အခြေအနေက အပြည့်အ၀ထိန်းချုပ်နိုင်သေးသလို ပြင်ဆင်ထားမှုတွေကလဲ ရှိတဲ့အနေအထားနဲ့ အကောင်းဆုံးလုပ်ထားခဲ့ပါတယ်။ ဒါကြောင့် အခုထိ ကူးစက်သူနဲ့ သေဆုံးသူဦးရေကို အတော်နည်းအောင် ထိန်းထားနိုင်နေဆဲပါ။

ဇန်န၀ါရီလထဲက သေချာပြင်ဆင်ခဲ့တဲ့ အစိုးရနဲ့အတူ ပြည်သူက တခဲနက် လိုက်ပါခဲ့ကြပါတယ်။ ပိုးမတွေ့ခင်ထဲက နယ်စပ်နဲ့ လေဆိပ်တွေမှာ သေချာစစ်နေခဲ့သလို ပိုးတွေ့တဲ့အချိန်မှာ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုက ဒီတိုက်ပွဲမှာ အခရာကျခဲ့ပါတယ်။ အထူးသဖြင့် ပိုးစတွေ့ပီး ပိုးတွေ့လူနာတွေ တရိပ်ရိပ်တက်လာနေတဲ့အချိန်မှာ အောက်ခြေလူတန်းစားတွေကို ရိက္ခာထုတ်ပေးပီး အိမ်ထဲနေခိုင်းခဲ့တဲ့ သင်္ကြန် ၁၀ ရက်ဟာ ရောဂါထိန်းချုပ်ရာမှာ အလွန်ကို အခရာကျခဲ့ပါတယ်။ အဲဒီအကျိုးကို ဒီနေ့မှာ ခံစားနေရတာပါ။ ပြည်သူဟာ အခက်အခဲတွေ ရှိပေမယ့်လဲ ကိုယ်တင်ထားတဲ့ အစိုးရအခက်တွေ့စေမယ့် လုပ်ရပ်တွေကို မလုပ်ခဲ့ပဲ စည်းလုံးခဲ့ကြပါတယ်။ ဒါဟာလဲ အလွန်အရေးကြီးပီး တချို့နိုင်ငံတွေမှာ ပြည်သူက မလိုက်နာလို့ ပြသနာတွေ တက်နေကြရပါတယ်။

အစိုးရရဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ ကျန်းမာရေးဘက်ကို ထောက်ပံ့မှုတွေနဲ့ ခြုံငုံသုံးသပ်မှုတွေက ကောင်းမွန်လှပါတယ်။ ဒါကြောင့်လဲ တကမ္ဘာလုံး အလူးအလဲဖြစ်နေချိန်မှာ မြန်မာပြည်က ခံသာနေတာဖြစ်ပါတယ်။ အခုတခါ ပြည်တော်ပြန်တွေ နောက်တသုတ် ထပ်လာကြလို့ ဒုတိယလှိုင်းကို စိတ်ပူစရာရှိပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ပထမအကြိမ်ပြန်လာကြတုန်းက ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သေချာသိရှိ ပြင်ဆင်ထားခဲ့လို့ ပိုပီးစနစ်ကျနပီး ကောင်းမွန်ပါတယ်။ ဒါကြောင့် အလွန်ဆိုးရွားတဲ့အနေအထားကို ကြုံတွေ့ရဖွယ်မရှိဖူးလို့တော့ အကောင်းဘက်က မျှော်လင့်ထားပါတယ်။

၁၂ နှစ်ကြာပီး ကပ်ဘေးကို ရင်ဆိုင်နေရတဲ့အချိန်မှာပဲ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခု ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ မိုးဇလက ပြောကြားနေပါပီ။ ဒီလို အခက်အခဲကြားမှာပဲ အမေစု ခေါင်းဆောင်တဲ့ အစိုးရဟာ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုပြင်ဆင်မှုတွေနဲ့ ပြည်သူပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ထပ်မံကာကွယ်ဦးမလဲ။ ကပ်ဘေးနဲ့ မုန်တိုင်းဘေး ၂ခုလုံးကို ရင်ဆိုင်မယ့် အစိုးရနဲ့အတူ ပြည်သူတွေကကော ဘယ်လိုကျောချင်းကပ် လက်တွဲသွားကြဦးမလဲ။ အရင်လို အဖြစ်မျိုးမကြုံတော့ဘူးဆိုတာကိုတော့ ယုံကြည်စွာနဲ့ စောင့်စားနေပါတယ်။ သေချာတာကတော့ မြန်မာပြည်မှာ အဲလိုအဖြစ်ဆိုးမျိုး နောက်တခါ ဘယ်တော့မှ မဖြစ်ပွားစေချင်တော့တာပါပဲ။ သဘာဝတရားနဲ့ ရင်ဆိုင်ရာမှာ ကာကွယ်ခြင်းဟာပဲ အကောင်းဆုံးမဟုတ်ပါလား။ မြန်မာပြည်ကြီး အောင်မြင်ပါစေ။

Nay Thway (Ref some data from “ The Hidden History of Burma by Thant Myint-U”)

Facebook Comments

Burmese Online News