Covid-19 ကို အအောင်မြင်ဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးရဲ့ ခေါင်းဆောင်မှုဆိုတာ

ချန်စစ်ကျုံးဘယ်သူလဲ? Covid-19 ကာလမှာ အတုယူဖွယ်ခေါင်းဆောင်မှုသင်ခန်းစာ (Leadership Lesson) လေးတစ်ပုဒ်ရေးပါရစေ။

🇹🇼 ထိုင်ဝမ်မှာ Covid-19 ကာလအတွင်း စကားပုံလေးတစ်ခု ရေပန်းစားလာပါတယ်။ “အကယ်၍ နာရီလက်တံအတိုင်းသွားရင် သင်အောင်မြင်မယ်။ နာရီလက်တံနဲ့ပြောင်းပြန်သွားရင် သင်ရှုံးနိမ့်မယ်။” အဲ့ဒီစကားဟာ ထိုင်ဝမ်ရဲ့ ကျန်းမာရေးဝန်ကြီး ချန်စစ်ကျုံး (Chen Shih Chung) ကိုရည်ညွှန်းပြီး ပေါ်လာတဲ့ စကားပုံလေးဖြစ်ပါတယ်။  စစ်ကျုံး (Shih Chung) ဆိုတာ တရုတ်လို တိုင်ကပ်နာရီလို့ အသံထွက်ဆင်တူပါသတဲ့။ သဘောကတော့ ကျန်းမာရေးဝန်ကြီး စစ်ကျုံး (Shih Chung) ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာရင် ဒုက္ခမရောက်ဘူး။ သူ့ညွှန်ကြားချက်ကို ဆန့်ကျင်ရင် ဒုက္ခရောက်မယ်။ ထိုင်ဝမ်က ဇန်နဝါရီလ 21 ရက်နေ့ကတည်းက ပထမဆုံးလူနာစတွေ့ခဲ့ပြီး အခုထိ 429 ယောက်နဲ့ အအောင်မြင်ဆုံး ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။

ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးရဲ့… ၁။ လုံလရှိပြီးမြန်ဆန်တဲ့တုံ့ပြန်မှု (swift response) ၂။ အချိန်မီအမိန့်ထုတ်ပြန်ဆောင်ရွက်မှု (timely orders) ၃။ ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေး၊ (frank communications)

ဒါတွေဟာ ထိုင်ဝမ်ကို အကြီးအကျယ်ရောဂါပြန့်ပွားသွားမယ့်အရေးက ကယ်တင်ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံသားတော်တော်များများက အသိအမှတ်ပြုကြပါတယ်။ ထိုင်ဝမ်ဟာရောဂါဖြစ်ပွားမှုများတဲ့ တရုတ်ပြည်က ဝူဟန့်လိုဒေသတွေနဲ့ ကူးလူးဆက်ဆံမှုများတာကြောင့် ထိုင်ဝမ်ကျွန်းမှာ ထောင်နဲ့ချီပြီး သေဆုံးနိုင်တယ်လို့ လူတွေက တွေးပူခဲ့ကြတာပါ။

🇹🇼 ထိုင်ဝမ်သမ္မတ Tsai Ing Wen က… သူမကိုယ်တိုင် နေ့တိုင်းကျန်းမာရေးဝန်ကြီးရဲ့ နေ့လည် 2:00 နာရီ နေ့စဉ်ရှင်းလင်းချက်ကို ပြည်သူတွေနဲ့အတူစောင့်ကြည့်တယ်။ ညမအိပ်ခင်ဖုန်းခေါ်ပြီး ဒီနေ့ဘယ်နှစ်ယောက်တွေ့လဲ စိတ်စောပြီး မေးလေ့ရှိပါသတဲ့။ “အဲ့ဒါမှပဲ ကျမလည်းကောင်းကောင်းအိပ်ပျော်ပါတယ်” တဲ့။ ကျန်းမာရေးဝန်ကြီးက လူနာအသစ်မတွေ့တာ 4 ရက်ဆက်တိုက်ရှိပြီလို့ပြောတာနဲ့ ပျော်လွန်းလို့ သူမရဲ့ ကြောင်နှစ်ကောင်ကို ညလယ်စာ ထကျွေးသတဲ့။ သူမက အပျိုကြီးကိုး။ ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဟာ နေ့စဉ်ပြည်သူသို့ ရှင်းလင်းတင်ပြချက်ကို ဇန်နဝါရီလ 23 ရက်နေ့ကတည်းမှ တစ်ရက်မှ မပျက်ပဲ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ရှင်းလင်းတင်ပြချက်မှာ… နောက်ဆုံးအခြေအနေ၊ အဲ့ဒီအခြေအနေပေါ်မူတည်ပြီး ဘယ်အစိုးရအဖွဲ့အစည်းက ဘယ်လိုတုန့်ပြန်ဆောင်ရွက်ဖို့၊ ပြည်သူလူထုကဘယ်လိုလိုက်နာဆောင်ရွက်ဖို့ တွေကို လိုရင်းတိုရှင်းပြောလေ့ရှိပါတယ်။ ထိုင်ဝမ်ကျွန်းမှာ အဲ့ဒီ တစ်နာရီလောက်ကြာတဲ့ ရှင်းလင်းတင်ပြချက်ကို နေ့စဉ်နားထောင်သူ အနည်းဆုံး လူတစ်သိန်းကျော်ရှိပါတယ်။ စားသောက်ဆိုင်ပိုရှင် Ho Wei Kaung ပြောတာကတော့… သူပြောတာတွေက အသုံးဝင်တယ်။ ကျနော်တကယ်ကျေးဇူးတင်တယ်။ အထူးသဖြင့်ဝန်ကြီးရဲ့ ရိုးသားပွင့်ခင်းစွာနဲ့ “ဘာဖြစ်နေပြီး ကျနော်တို့ ဘာလုပ်သင့်တယ်” ဆိုတာကိုပဲ။

ကျန်းမာရေးဝန်ကြီးက WHO က ဆရာဝန်ကြီးလား?

ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဟာ သွားဆရာဝန်တစ်ဦးပါ။

ဟာ.. ဒါဆိုဘာလို့.. ၁။ သူ့ရဲ့ စေတနာမှန်နဲ့ ရိုးသားပြီး ပြည်သူလူထုနဲ့ထိရောက်စွာဆက်သွယ်နိုင်မှု (sincerity and ability to effectively communicate with public) ၂။တချိန်တည်းမှာပဲ ပြည်သူလူထုဆီက ယုံကြည်မှုရစေတဲ့ စာနာတတ်မှု (while at the same time displaying a trust-winning empathy) တွေက သူ့ကိုလူသိများစေပါသတဲ့။  ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ဝူဟန့်ကနေ ထိုင်ဝမ်နိုင်ငံသားတွေကို ပြန်ခေါ်တုန်းက ပြည်သူတွေက အကြီးအကျယ်ဒေါသထွက်ခဲ့တယ်။ သူကတော့ မီးကိုရေနဲ့ အေးချမ်းစွာပဲငြိမ်းသတ်ပြခဲ့တယ်။ “ဘယ်သူမှ ရောဂါကူးခံချင်ပါ့မလဲ၊ သူတို့လည်းကိုယ့်နိုင်ငံသားတွေပဲ လက်ခံရမှာပေါ့” တဲ့။ ပြီးတော့ ပြန်ဝင်လာသူတွေကို quarantine အသေအချာလုပ်ပြီး အပြင်မီးကို အတွင်းကိုမကူးအောင် တတ်နိုင်သမျှကြိုးစားခဲ့တယ်။

အခုတော့ ပြည်သူအားလုံးက သူမှသူချစ်လွန်းလို့ နေ့စဉ်သူ့ရဲ့ သတင်းတင်ပြချက်ကိုမျှော်ရတာ။ နာရီလက်တံအတိုင်းလိုက်အောင်မြင်မယ်လို့ စကားပုံနဲ့တောင် နှိုင်းပြောကြတာ။ သူ့မျက်နှာနဲ့ မျက်နှာဖုံးတွေလုပ်ဝတ်ကြတာ။ သူ့ကို idol လုပ်ပြီး ကော်ဖီထွင်ကြတာ။ …စတာတွေကို ကြည့်ခြင်းဖြင့် သူ့ကိုလူတွေ ဘယ်လောက်တန်ဖိုးထားလာကြသလဲ သိသာပါတယ်။

သတင်းထောက်တွေကလည်း သူ့ကိုပြဿနာရှာဖူးပါတယ်။ ဧပြီ 21 တုန်းက ရောဂါပိုးမရှိဘူးဆိုတဲ့ Palau ကျွန်းနိုင်ငံကို ချစ်ကြည်ရေးသွားအပြီး ရေတပ်သားအနည်းငယ်ကူးစက်လာခဲ့လို့ မေးခွန်းထမေးခဲ့ပါတယ်။ အခုလိုစစ်တပ်က လုပ်ချင်ရာလုပ်နေရင်ရင် ကူးစက်ရောဂါကွပ်ကဲရေးဌာနချုပ်ရှိနေတာ ဘာအသုံးကျမလဲတဲ့။  “ဒါဆိုရင်ကျနော့်ကို ကူးစက်ရောဂါကာကွယ်ရေးဌာနချုပ်ကို တာဝန်မယူစေချင်ဘူးလား” တဲ့။ “ရိုးသားပွင့်လင်းစွာပဲ၊ ဒါဆိုရင်ကျနော် အနည်းငယ်စိတ်ထိခိုက်ရပါတယ်” တဲ့။

တကယ်တော့ သူ့လောက် ကျန်းမာရေးတင်သာမက၊ ကာကွယ်ရေးရော၊ ပညာရေးရော ဝန်ကြီးဌာနအစုံနဲ့ သံစုံတီးဝိုင်းကြီးအလယ်ကနေ စည်းချက်ညီအောင်ချိတ်ဆက်လမ်းညွှန်နေနိုင်သူမှ မရှိတာ။ ရေတပ်သားတွေကို ကူးစက်စေမှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သမ္မတနဲ့ ပြည်သူလူထုကို တောင်ပန်ခဲ့သလို သူ့မှာတာဝန်ရှိပြီး သူနုတ်ထွက်ပေးဖို့ကသင့်ရှိကြောင်းအထိ ပြောထားပါတယ်။

ဝန်ကြီးချန်စစ်ကျုံးဟာ ဇန်နဝါရီ 23 ရက်နေ့ကတည်းက စနေ၊ တနင်္ဂနွေနေ့တွေ အပါအဝင် တစ်ရက်ကလေးတောင်နားရက်မယူခဲ့ပါဘူး။ အဲ့ဒီလိုရက်ပေါင်းများစွာ အနားမယူပဲဘအလုပ်လုပ်နေတဲ့အချိန်မှာ နိုင်ငံတကာကသတင်းဌာနတွေဆီ သတင်းရေးပို့ပေးတာပါပါတယ်။ အမေရိကန်ကျန်းမာရေးဝန်ကြီးနဲ့ မိနစ် 30 ကြာဖုံးပြောပြီး WHO ရဲ့ သူတို့ကို ဖယ်ကြဉ်ထားမှုကိုပါ ရှင်းပြခဲ့ပါသေးတယ်။

Taiwan health minister unable to control emotions after announcing ...

မတ်လ 26 ရက်နေ့က ထိုင်ဝမ် TVBS က စစ်တမ်းကောက်ယူခဲ့ရာမှာ ဝန်ကြီး ချန်စစ်ကျုံးဟာ ထိုင်ဝမ်က Google မှာ လူတွေစိတ်ဝင်စားစွာနဲ့ အရှာကြည့်ဆုံးသူ လပိုင်းအတွင်းဖြစ်လာခဲ့ပါတယ်တဲ့။ ထိုင်ဝမ်ရဲ့ နိုင်ငံရေးသမားတွေထဲမှာ ပြည်သူတွေအကြိုက်ဆုံး ဖြစ်ပြီး အမြင့်ဆုံး 91% rating ရခဲ့ကာ သမ္မတ Tasi ထက်တောင် လူကြိုက်များခဲ့ပါသတဲ့။ ထိုင်ဝမ်သမ္မတ Tsai ကတော့ မနာလိုမဖြစ်ပဲ ပျော်နေမှာပါ။ နောက်တော်ပါဝန်ကြီးတွေမကောင်းရင် အမေပါနာမည်ပျက်တယ်မလား။

ဒီနေရာမှာ ဘာတွေ့ရသလဲဆိုရင် အလုပ်ကိုသာစေတနာနဲ့ထကြွလုံ့လရှိစွာလုပ်ပါ။ ပြည်သူလူထုကဝန်ကြီးမပြောနဲ့ တော်လို့ကတော့ သမ္မတတောင် ဝင်ရွေးစေချင်ကြမှာ။ ကျနော်တို့ရဲ့ ခေါင်းဆောင်မှု သင်ခန်းစာလေးကို နိဂုံးချုပ်ရရင်… Ralph Waldo Emerson ပြောလေ့ရှိတဲ့ “Do the thing and you shall have the power.” ဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။

အဲ့ဒီမှာ ဆွမ်ဇုရဲ့ သေနင်္ဂဗျုဟာထဲက… “Pure heart and clear mind” “ခေါင်းဆောင်တို့သည် အရေးကြုံလာရင် တိုင်းပြည်ကို ဖြူစင်တဲ့နှလုံးသား၊ ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ဦးစီးဦးဆောင်လုပ်နိုင်ရမည်” ဆိုတဲ့ နှစ်ချက်ကိုပေါင်းကာ… တကယ်ကိုအလုပ်ကို လုံလဝီရိယရှိစွာနဲ့ကြိုတင်ပြင်ဆင်ပါ။ စေတနာမှန်ပြီး ပြတ်သားတဲ့စိတ်ရှိပါ။

Taiwan's coronavirus December warning to WHO about person-to ...

Emerson ပြောသလိုပဲ အလုပ်သာလုပ်ပါ ပါဝါကရှာနေစရာမလိုပါ။ အလုပ်လုပ်တဲ့သူ လက်ထဲပါဝါကရောက်လာပါလိမ့်မယ်။ “Do the thing and you shall have the power.” And… “Don’t forget to have the pure heart and clear mind!”လို့ မှာချင်ပါတယ်ခင်ဗျား။

Richard Myo Thant

Facebook Comments

Burmese Online News