မန္တလေးတိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်သည့် အနီရောင်အဆင့် ရပ်ကွက် ၆ ခုရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားနိုင်ခြေအဆင့်သတ်မှတ်ချက်များအရ ချမ်းမြသာစည်မြို့နယ်တွင် အနီရောင်အဆင့် ရပ်ကွက် ၆ ခုနှင့် အဝါရောင်အဆင့်ရပ်ကွက် ၅ ခုရှိကြောင်း၊ မန္တလေးတိုင်း ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာန (ရ.ပ.က.န) မှ ဒေါက်တာတင့်ဝေက ပြောသည်။

မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးမှာ မြင်းခြံမြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ချမ်းမြသာစည်မြို့နယ်ဖြစ်ကာ သွေးလွန်တုပ်ကွေးရာသီဖြစ်၍ တစ်ပတ်တစ်ကြိမ်ကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

“COVID-19 မဖြစ်ပွားအောင် မကူးစက်အောင် ကာကွယ်နေကြပြီး လမ်းညွှန်ချက်တွေ လိုက်နာကြသလို မိမိနဲ့ မိသားစုတွေ သွေးလွန်တုပ်ကွေးကြောင့် အသက်အန္တရာယ်မရှိအောင် ကာကွယ်ဖို့ တစ်ပတ်တစ်ကြိမ် ခြင်ကျားပိုးလောက်လန်း နှိမ်နင်းဖို့လိုတယ်။ တစ်နိုင်ငံလုံးမှာ နှစ်စဉ် အနည်းဆုံး လူနာ ၁၀၀၀၀ ကနေ အများဆုံး ၄၀၀၀၀ လောက် ကူးစက်ဖြစ်ပွားနေပြီး သေဆုံးသူက ရာဂဏန်းရှိပါတယ်။ လုပ်ရမှာက ဖုံး၊ သွန်၊ လဲ၊ စစ်နဲ့ ဘယ်နေရာမှာအိပ်အိပ် ခြင်ထောင်နဲ့အိပ်ပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ချမ်းမြသာစည်မြို့နယ်အတွင်းမှ ကူးစက်ဖြစ်ပွားနိုင်ခြေရှိသော အနီရောင်အဆင့်ရပ်ကွက်များမှာ အောင်သာယာ၊ အောင်ပင်လယ်၊ ကန်သာယာ၊ ချမ်းမြသာစည်(တောင်)၊ သံလျက်မှော် (တောင်-အနောက်ဘက်ခြမ်း) နှင့် တမ္ပဝတီ (အလယ်ပိုင်း) တို့ဖြစ်ပြီး အဝါရောင်အဆင့်မှာ ကန်သာယာ၊ မြရည်နန္ဒာ၊ မြိုသစ်-၃၊ တမ္ပဝတီ (မြောက်ပိုင်း နှင့် တောင်ပိုင်း) သံလျက်မှော်တောင် (အရှေ့ခြမ်း) တို့ဖြစ်သည်။

“COVID-19 ကြောင့် အပြင်မထွက်ကြဘဲ Home Stay နေကြရတော့ ခြင်ကလည်း အိမ်ထဲမှာနေလို့ လူတွေက သွေးလွန်တုပ်ကွေးသယ်ဆောင်တဲ့ ခြင်ရဲ့အလေ့အကျင့်နဲ့သွားပြီး ပြဿနာဖြစ်နိုင်တယ်။ ခြင်ကိုက်ခံရမှုပိုများမယ်။ ရာသီဥတုကြောင့်ထက် အိမ်ထဲမှာနေရတာဖြစ်လို့ ဒီနှစ်မှာ သွေးလွန်တုပ်ကွေး ကူးစက်မှုများနိုင်တယ်” ဟု ၎င်းကပြောသည်။

အနည်းငယ်သာဖြစ်ပွားနိုင်သည့် အစိမ်းရောင်ရပ်ကွက်မှာ မြို့သစ်(၁)၊ မြို့သစ်(၂)၊ မြို့သစ်(၄) နှင့် မြို့သစ်(၅) တို့ဖြစ်ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့် ခြင်ကျားပိုးလောက်လန်းများကိုနှိမ်နင်းရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းစဉ်များအား အများပြည်သူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဧပြီ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဧပြီလကုန်ရက်ထိ မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူစုစုပေါင်း ၂၉၆ ဦးတွင် သေဆုံးမှုမရှိဘဲ၊ ပြီးခဲ့သည့် ၂၀၁၉ ခုနစ် စာရင်းအရ ၂၆၀၀ ခန့်တွင် သေဆုံးသူ ၇ ဦးရှိခဲ့ရာ သေဆုံးရာခိုင်နှူန်းနည်းပါးလာသည်ဟု ဆိုသည်။

#Blacker

Facebook Comments

Burmese Online News