ကိုဗစ်လူနာအမှတ် (၁၅၅) သည် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်သူဖြစ်ပြီး နေအိမ်ကို Lockdown ချ
ယမန်နေ့ညက ထပ်တိုး Covid-19 လူနာသစ် ၄ ဦးထဲတွင် လူနာအမှတ်-၁၅၅ (Case-155) သည် ဝါးနှင့်အုတ်/သဲ/ကျောက် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်ကို ယနေ့ညတွင် Lockdown ချလိုက်ကာ မိသားစုဝင်များကို Quarantine စင်တာပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ လူနာအမှတ်-၁၅၅ သည် တာမွေမြို့နယ် (ခ) ရပ်ကွက်၊ ၁၆၄လမ်းနေ အသက် ၄၈နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဧပြီ ၂၅ ရက်တွင် နေမကောင်းရာမှ ရန်ကုန်ဆေးရုံကြီးသို့သွားရောက်ကုသစဉ် စောင့်ကြည့်လူနာအဖြစ် ထားရှိ၍ ဓာတ်ခွဲစစ်ဆေးကာ အတည်ပြုလူနာဖြစ်လာသူဖြစ်ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညဏ်ဝင်း ပြောပြချက်အရသိရသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်း က “သူရဲ့အလုပ်ကတော့ ဝါးဆိုင်လုပ်ငန်း ၊ ဝါးရောင်းတာပေါ့ ။ နောက်ဒုတိယလုပ်ငန်းကတော့ အုတ်၊ သဲ၊ ကျောက် ရောင်းတာပေါ့။ အဲ့တာက မြောက်ဒဂုံမှာ ရောင်းတယ်ပြောတယ်။ ဆေးရုံဘယ်လိုရောက်လဲဆိုတော့ ၂၅ ရက်နေ့က ဖျားတယ်ပြောတယ်။ ဖျားတော့ သျှင်ပါဂူ သွားပြတယ် ပြောတယ်။ သျှင်ပါဂူကလက်မခံတော့ တာမွေမြို့နယ်က ကုသရေး အထက ၄ ကိုသွားတယ် အဲ့မှာပိတ်သွားလို့ ရန်ကုန်ဆေးရုံကြီးလွှတ်တယ်။ ရန်ကုန်ဆေးရုံကြီးရောက်တော့ အဲ့လိုဖြစ်တာ”ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါလူနာအား ရန်ကုန်ဆေးရုံကြီးမှ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးသို့ပြောင်းရွေ့ကုသသွားမည်ဖြစ်ပြီး ၎င်း နေထိုင်ရာ တိုက်ကို Lockdown ချပြီး တစ်လမ်းလုံးပိုးသတ်ဆေးများ လိုက်ဖြန်းနေကြောင်းသိရသည်။ “သူနဲ့အတူနေမိသားစုက သူ့မိန်းမရယ်၊ကလေးနှစ်ယောက်ရယ် ၊ သူ့မိန်းမရဲ့ ဦးလေး ရှိတယ်။ သူတို့ကိုလည်း အခုလာခေါ်ဖို့ဆေးရုံကားလာနေပါပြီ။ ဖောင်ကြီးမှာ ကွာရယ်တင်းထားမယ်ပြောတယ်။ အဲ့လူနာက အေးအေးဆေးဆေးနေတတ်တဲ့သူ၊ နဂိုထဲကလည်းပိန်တယ် ။ ရောဂါအခံ တစ်ခုခုရှိတယ်။ ဘာရောဂါလဲဆိုတာတော့ မသိသေးဘူး” ဟု ဦးညဏ်ဝင်းက ဆက်ပြောသည်။
မေလ ၃ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်ပါ ကိုဗစ်လူနာသစ် ၄ ဦးထပ်တိုးတွေ့ရှိသည့်အနက် လူနာအမှတ်-၁၅၅ (Case-155) မှာ ပြည်ပခရီးသွားရာဇဝင်မရှိသည့်အပြင် ကိုဗစ်အတည်ပြုလူနာများနှင့်လည်း ထိတွေ့မှုမရှိသည့်သူ ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
#Blacker