ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်မှုကို တရုတ် ဖုံးကွယ်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိချက်များ ထွက်ပေါ်လာ
ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ပြင်းထန်မှုကို တရုတ်ဖုံးကွယ်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိချက်အစီရင်ခံစာများ မီဒီယာသို့ ပေါက်ကြား။ ၀ူဟန်ဓါတ်ခွဲခန်းမှ ကိုရိုနာဗိုင်းရပ်စ်တို့ လွတ်ထွက်ခဲ့သလား…
တရုတ်သည် ဆေးဝါးအထောက်အပံ့ပစ္စည်းများတင်ပို့မှု လျှော့ချ၍ တင်သွင်းမှုတိုးမြှင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ပြင်းထန်စွာဖြစ်ပွားမှုကို ဖုံးကွယ်ခဲ့ကြောင်းဖော်ပြထားသည့် အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ မီဒီယာသို့ ပေါက်ကြားခဲ့သည်ဟု CNBC က ယနေ့ရေးသားသည်။
ဇန်န၀ါရီလကတည်းက ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စွဲ ကမ္ဘာ့ကူးစက်ကပ်ရောဂါပြင်းထန်မှုကို တရုတ်ခေါင်းဆောင်များအနေဖြင့် တမင်ရည်ရွယ် ဖုံးကွယ်ခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဋ္ဌာန၏ မေလ ၁-ရက်နေ့ ရက်စွဲပါ စာမျက်နှာ ၄-မျက်နှာရှိ ထောက်လှမ်းရေးအစီရင်ခံစာမှာ Associated Press (AP) သတင်းဋ္ဌာနက ရရှိသွားခဲ့သည်ဆို၏။
အစီရင်ခံစာအရ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် Covid-19 ရောဂါနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် စွပ်စွဲမှုများ ပိုမိုပြင်းထန်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ (ယမန်နေ့) နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောကြားရာတွင် ရောဂါကူးစက်ပျံ့နှံ့ရသည့်အတွက် တရုတ်တွင် တာဝန်ရှိပြီး တာဝန်ခံမှုလည်း ရှိရလိမ့်မည်ဖြစ်ကြောင်း ပါရှိနေသည်။
တရုတ်နိုင်ငံသည် ကူးစက်ကပ်ရောဂါကျရောက်သည်ကို ကိုင်တွယ်ရာတွင် နှေးကွေးပြီး ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း အမေရိကန်အစိုးရက ပြင်းထန်စွာ ရှုတ်ချလျှက်ရှိသည်။ ထရမ့်ဆန့်ကျင်သူများကမူ အမေရိကန်အစိုရအနေဖြင့် ပြည်တွင်း ဝေဖန်မှုများကို အာရုံပြောင်းစေရန် ပထ၀ီနိုင်ငံရေးအရ ရန်သူဖြစ်သော တရုတ်အပေါ် ထိုးနှက်လျှက်ရှိကြောင်း၊ သို့သော် တရုတ်သည် အမေရိကန်၏ အကြီးမားဆုံးသော ကုန်သွယ်ရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နေသည်ကို သတိပြုစေလိုသည်ဟု ထောက်ပြဝေဖန်ကြသည်။
ပေါက်ကြားခဲ့သော အစီရင်ခံစာတွင် လျှို့ဝျက်အဆင့်အတန်း သတ်မှတ်ထားခြင်း မပါရှိပဲ၊ “တရားဝင်အသုံးပြု ရန်အတွက်သာ” ဟု ဖော်ပြထားကြောင်း တွေ့ရှိရသည်။ တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုကို ဖုံးကွယ်ကြောင်း စွပ်စွဲရာတွင် ကုန်ပစ္စည်းတင်ပို့မှုကန့်သတ်ချက်များကို ပစ်ပယ်ထားပြီး ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များကို သတင်းထုတ်ပြန်ရာတွင် ရှုတ်ထွေး နှောင့်နှေးစေခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်မှာ ကူးစက်ရောဂါ ဖြစ်သည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အား ဇန်န၀ါရီလ၌ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည်မှာ ဆေးဝါးထောက်ကူပစ္စည်းများအား သွင်းယူချိန်ရရှိရန်ဟု ယုံကြည်ရကြောင်း ထောက်လှမ်းရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။
၎င်းအစီရင်ခံစာမှာ တရုတ်၏ မျက်နှာဖုံး-ခွဲစိတ်ခန်းသုံးဝတ်ရုံ-လက်အိတ်များတင်သွင်းမှုမှာ ၉၅-ရာနှုန်းအထိ သိသိသာသာများပြားခဲ့သည်ကို ထောက်ပြထားပြီး ပုံမှန်မဟုတ်သော ပို့ကုန်-သွင်းကုန်အပြောင်းအလဲဖြစ်ပေါ်ခြင်းကို အခြေခံကာ တင်ပြထားခြင်းဖြစ်သည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ABC သတင်းဋ္ဌာနနှင့် “This Week,” တွေ့ဆုံခန်း၌ နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပေယိုက ပြောကြားရာတွင် တရုတ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများကို တမင်ရည်ရွယ် ပျံ့နှံစေသည်ဟု ယုံကြည်ရန် အထောက်အထားမတွေ့ရသော်လည်း တရုတ်ဗိုင်းရပ်စ်ပိုးမွှားသုတေသနဓါတ်ခွဲခန်းများမှာ လုံခြုံဘေးကင်းမှု၌ စံချိန်မမှီသည့် အစဉ်အလာရှိကြောင်း၊ ထိုအတွက် ဆက်လက်ထောက်လှမ်းမှုများပြုလုပ်နေကြောင်း၊ သို့သော် သက်သေအထောက်အထားများရရှိထားများအရ ၀ူဟန်ဓါတ်ခွဲခန်းမှ ဗိုင်းရပ်စ်များဖြစ်သည်ဟု ပြောနိုင်ကြောင်း ရှင်းပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယခင်တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ဖူးသည့် SARS ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးကူးစက်မှုကိုရည်ညွှန်းနေပုံရသည်။ ၄င်းထင်မြင်ချက်သည် တရုတ်အပေါ် စော်ကားရာရောက်သော်လည်း ပွန်ပေယိုအနေဖြင့် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတစ်လျှောက်လုံး ထိုသို့ အဓိပ္ပါယ်ရသည့် အသုံးအနှုန်းများကို နာရီပေါင်းများစွာကြာအောင် ဖော်ပြနေခဲ့သည်။ လတ်တလော ဖြစ်ပွားလျှက်ရှိသော Covid-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်၍ တရုတ်အနေဖြင့် စောစီးစွာ မပြောခြင်း၊ ပြင်းထန်မှုအတိုင်းအဆကို ကမ္ဘာသိထုတ်ဖော်ခြင်း မပြုပဲ ဖုံးကွယ်ခဲ့ပုံရကြောင်း အမေရိကန်အမိမြေလုံခြုံရေးဋ္ဌာန၏ အစီရင်ခံစာပေါက်ကြားခြင်းသတင်းကို အခြားနိုင်ငံတကာမီဒီယာများကလည်း အလားတူ ရေးသားကြကြောင်း ယနေ့တွေ့ရှိရသည်။
Russia Today ၏ သတင်းတစ်ပုဒ်တွင်မူ အမေရိကန် CIA နှင့် ဗြိတိန် MI6 ထောက်လှမ်းရေးတို့က တရုတ်အနေဖြင့် ရောဂါကျရောက်မှုကို ဖုံးကွယ်ခဲ့သည်ဟု အစီရင်ခံကြကြောင်း၊ ကူးစက်ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တရုတ်ထံမှ လျှော်ကြေးတောင်းရန် အနောက်နိုင်ငံများက အဆင်သင့်ဖြစ်လာစေကြောင်း ယနေ့ရေးသားသည်။
မူလပထမက Covid-19 ရောဂါဖြစ်ပွားစေသော SARS-CoV-2 ကိုရိုနာဗိုင်းရပ်မှာ ဇီဝလက်နက်ဖြစ်ကြောင်း မီဒီယာအချို့က ဖွခဲ့ကြပါသည်။ ဇီဝလက်နက်မည်သည် ထိခိုက်ဆုံးရှုံးမှု များသည်ထက် များစေရန် ဓါတ်ခွဲခန်းတွင် ဖန်တီးယူရပါသည်။ ယခုကိုရိုနာဗိုင်းရပ်စ်မှာ လူလုပ်-ဓါတ်ခွဲခန်းထွက် မဟုတ်ကြောင်း၊ သဘာဝအလျှောက် Mutation မျိုးဗီဇပြောင်းလဲသွားခြင်းဖြစ်သည်ဟု အယူအဆကို မည်သူမျှ ငြင်းခုန်ခြင်း မတွေ့ရ တော့ပါ။
လောလောဆယ်တွင် တရုတ်အနေဖြင့် ရောဂါကျရောက်သည်ကို စောစီးစွာမပြောခြင်းဖြင့် ကမ္ဘာသို့ ကူးစက်ခံရမှုတွင် တာဝန်ရှိကြောင်း ပြောဆိုလျှက် လျှော်ကြေးတောင်းမည့်အဆင့်သို့ လျှောကျသွားသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်များကို သုတေသနပြုလုပ်သော ၀ူဟန်ဓါတ်ခွဲခန်း၏ ဇီဝလုံခြုံရေး အဆင့်မမှီကြောင်းနှင့် ထိုမှ ဗိုင်းရပ်စ်ပိုးများ လွတ်ထွက်သည်ဆိုခြင်းမှာ မတော်တဆဖြစ်သည့်တိုင် အလွန်ကြီးလေးသော ပြစ်မှုဖြစ်နေသည်။ အီရတ်သမ္မတ ဆဒမ်ဟူစိန်သည် လူအများအပြား အစုအပုံလိုက်သေကြေစေသော WMD လက်နက်ကို လက်ဝယ်ထားရှိသည်ဟူသော CIA အစီရင်ခံစာအရ အမေရိကန်နှင့် ဗြိတိန်ဦးဆောင်သော နိုင်ငံတကာ ညွန့်ပေါင်းတပ်များက ၂၀၁၀-ခုနှစ် အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့ဖူးပါသည်။
Htay Oung FB