နေပြည်တော်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိ May 4, 2020 Admin သတင်း 0

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ မေ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်သည်ဟာ ဧပြီ ၃၀ ရက်မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း တို့ ခံစားရတဲ့အတွက် မေ ၁ ရက်မှာ ကိုဗစ်-၁၉ ရောဂါအတွက် အထူးကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်မှာ သီးခြားစောင့်ကြည့် ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။အဲဒီစစ်သည်ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ယူပြီး PCR နည်းနဲ့ စမ်းသပ်စစ်ဆေးရာ မေ ၄ ရက်နံနက် ၄ နာရီခွဲ၊ ဓာတ်ခွဲအတည်ပြုချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။


ဒါကြောင့် ဒီစစ်သည်ကို တပ်မတော်က ကြိုတင်စီစဉ်ထားတဲ့ COVID-19 ရောဂါကုဆေးရုံကို ပို့ဆောင်ထားပြီး ကျန်းမာရေး အခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ ဆိုပါတယ်။လူနာနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေမှုတွေ၊ အသွားအလာကန့်သတ်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။ဒါဟာ ပြည်တွင်းမှာ တပ်မတော်သားတစ်ဦး ပထမဆုံး ကိုဗစ်အတည်ပြုလူနာအဖြစ် ထုတ်ပြန်တာဖြစ်ပါတယ်။


ရုရှကို ပညာတော်သင်ရောက်ရှိနေတဲ့ မြန်မာတပ်မတော်သား ငါးဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သူတို့အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဘီဘီစီ

Facebook Comments

Burmese Online News