ကိုဗစ်လူနာအမှတ် (၁၆၁) သည် Quarantine ရက်ပြည့်၍ ပြန်စစ်ရာမှ ပိုးတွေ့ရှိခြင်းဖြစ်

ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ်- ၁၆၁ (အသက် ၆၂ နှစ်အရွယ်) အမျိုးသားသည် Quaratine ရက်ပြည့်၍ ပြန်စစ်ဆေးရာမှ ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုပြောကြားသည်။ အဆိုပါလူနာသည် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံတစ်ခုတွင် သံသယလူနာအဖြစ် တက်ရောက်ကုသမှုခံယူခဲ့ဖူးသူဖြစ်ပြီး စစ်ဆေးချက်အဖြေ Negative ထွက်ပြီးသားလူနာဖြစ်ကြောင်း ၎င်းကဆိုသည်။

“Quaratine ဝင်နေတုန်း ရက်ပြည့်ခါနီးမှာ ပြန်စစ်လိုက်တော့ Positive တွေ့ရတာဖြစ်ပါတယ်။ သူရဲ့ ကူးစက်ခံရမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ Quaratine ဝင်နေတာက ဆရာတော် ရဝေနွယ် (အင်းမ) ကျောင်းမှာလို့တော့ အကြမ်းဖျင်းသိထားပါတယ်” ဟု ဦးဝေဖြိုးဟန်က ဆိုသည်။ အဆိုပါအမျိုးသားသည် ကြို့ကုန်းအနောက်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ယနေ့ည ၈ နာရီ တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အရ အင်းစိန်မြို့နယ်မှ လူနာအမှတ် (၁၅၇) နှင့် လူနာအမှတ် (၁၆၁) တို့နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူနာ (၂) ဦး အပါအဝင် အင်းစိန်မြိုနယ်တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၉) ဦးရှိပြီဖြစ်သည်။

Facebook Comments

Burmese Online News