ကလေးကိုပါ မွေးစားပြီး တာဝန်ယူပေးတဲ့အထိ သားအမိ (၂) ဦးကို ကူညီပေးလိုက်ပါပြီ

“ကလေးကိုပါ မွေးစားပြီး တာဝန်ယူပေးတဲ့အထိ သားအမိ (၂) ဦးကို ကူညီပေးလိုက်ပါပြီ”

(2.5.2020) ရက်နေ့ ညနက်ပိုင်း မော်လမြိုင်မြို့ ကမ်းနားလမ်းနဲ့ ထားဝယ်တံတားလမ်းထောင့် ပလက်ဖောင်းမှာ ကောင်မလေးတယောက် နဲ့ အသက် (၁)နှစ်ကျော်လောက်သာ ရှိသေးတဲ့ ကလေးငယ်တဦးတို့ လမ်းဘေး ပလက်ဖောင်းမှာ အိပ်နေလို့ပါတဲ့…

မိခင်ရော ကလေးပါ အရမ်းကို ငယ်လွန်းနေပြီး ပလက်ဖောင်းမှာ အိပ်၍ မသင့်တော်ကြောင်း။ မေးမြန်းကြည့်တော့လဲ ယောင်္ကျားဖြစ်သူကားမှောက်ပြီး ဆုံးသွားလို့ အားကိုးရာ မရှိတော့လို့ စိတ်ညစ်ပြီး ကလေးတဖက်နဲ့ ရောက်ချင်ရာ ရောက်ဆိုပြီး ရထားစီးခဲ့ရာမှ မော်လမြိုင်မြို့သို့ ရောက်ရှိလာပြီး ပလက်ဖောင်းပေါ် အိပ်နေသည်ဟုပြော၍ အဆင်ပြေသလို ကူညီပေးပါဦးဆိုပြီး ဖုန်းဆက် အကူအညီတောင်းလာလို့ မော်လမြိုင် RESCUE အဖွဲ့မှ အဆိုပါနေရာသို့ သွားခဲ့ရပါတယ်။

ကောင်မလေး ရဲ့ နာမည်က မဇင်မာဦး (၂၁)နှစ်ဖြစ်ပြီး ကလေး ရဲ့ နာမည်ကတော့ မဝိုင်းဝန်းချစ် (၁ နှစ် ၄လ) ဖြစ်ကာ ဗန်းမော်ဘက်မှ ဖြစ်ကြောင်း ယောင်္ကျားဖြစ်သူ၏အမည်မှာ မျိုးမြင့် ဖြစ်ပြီး လင်မယား(၂)ယောက်၏ အလုပ်မှာ ပွဲဈေးလိုက်ပြီး အရုပ်များ လိုက်လံရောင်းချသည့် (၁၂)ပွဲ ဈေးသည် အလုပ်လုပ်ကိုင်၍ နေထိုင် စားသောက်ကြကြောင်းပြောပြ သိရှိရပါသည်။

ထိုသို့ လုပ်ကိုင်စားသောက်နေရင်း ပွဲတပွဲနဲ့တပွဲ ကူးရာ၌ ယောင်္ကျားဖြစ်သူမှာ ကားမှောက်ပြီး သေဆုံးသွားခဲ့ကြောင်း ဗန်းမော်တွင် မောင်နှမသားချင်းများ ရှိသော်လည်း အားလုံးက သူ့မိသားစု သူ့အခက်အခဲနဲ့သူ ဖြစ်နေကြ၍ သူမနဲ့ ကလေးငယ်အား မည်သူမှ ခေါ်ထားရန်အဆင်မပြေ၍ ဖြစ်ချင်ရာဖြစ် လုပ်ကိုင်စားသောက်မည်ဟု ရည်ရွယ်ပြီး ပိုက်ဆံ(၃)သောင်းဖြင့် ဗန်းမော်မှ ရထားတဆင့်ပြီးတဆင့် စီးလာရာမှ နောက်ဆုံး မော်လမြိုင်သို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရပါသည်။ ပိုက်ဆံလဲတပြားမှမရှိတော့ ကလေးလဲ ဗိုက်ဆာနေ၍ မော်လမြိုင်ဘူတာမှ လမ်းလျှောက်ထွက်လာပြီး ကမ်းနားလမ်းသို့ ရောက်လာ.. ကလေး လဲ ဘာမှမစားရ၍ အိပ်ချင်နေပြီးဖြစ်၍ အဆင်ပြေမည် ထင်သည့် ပလက်ဖောင်းတွင် အခင်းခင်း၍ အိပ်နေစဉ် ဖြတ်သွားသည့် ကားတစ်စီးမှလူများ မြင်တွေ့မေးမြန်းပြီး ကျွန်တော်တို့ထံ ဖုန်းဆက် အကူအညီတောင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကျွန်တော်တို့လဲ ရွာလည်တာပေါ့။ ကလေးရော အမေရော အရမ်းငယ်ရွယ် လွန်းပါတယ်။ ဒီအမေ နဲ့ ကလေးကို ဘယ်ကို ပို့ပေးရမယ်မှန်းမသိ ဘယ်လို ကူညီရမယ်မှန်း စဉ်းစားမတတ်တော့ လူမှုကယ်ဆယ်ရေးအဖွဲ့ သြဝါဒါစရိယ ဓမ္မနန္ဒီဆရာတော်ထံ အကျိုးအကြောင်း ဖုန်းဆက်ပြောပြီး ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင် လာခဲ့ရပါတယ်။

ကလေးမလေးရဲ့ အကြောင်းကို အသေးစိတ် ထပ်မေးပြီးတော့ ဆရာတော်နဲ့ အတူ ညှိနှိုင်းတိုင်ပင်ကာ လောလောဆယ် ညအိပ်ဖို့ စီစဉ်ပေးပြီး အကောင်းဆုံး နည်းလမ်းတခုကို ရှာဖွေပေးခဲ့လိုက်ပါ တယ်။

နည်းလမ်းကတော့ ဒီကောင်မလေး နဲ့ ကလေး ဒီအတိုင်းဆက်သွားနေလို့ မဖြစ်ဘူး။ အန္တရာယ်များသလို ကလေး လဲ အရမ်းကို ငယ်ရွယ်လွန်းပါတယ်။ နောက်ပြီး ကလေးတဖက်နဲ့ ဒီကောင်မလေး ဘယ်လိုမှ လုပ်စားလို့ အဆင်ပြေမှာ မဟုတ်ဘူး။ ခေတ္တတည်းခို ပေးကမ်းပြီး ပြန်လွှတ်လိုက်ရင်လည်း နောက်မြို့တွေ ရောက်ရင် ဒီတိုင်း ဆက်ဖြစ်နေမှာပဲလေ။

အဲဒါကြောင့် ကောင်မလေးကို ပြောပြရှင်းပြတယ်။ မိမိ နေရပ်ကို ပြန်ပါ။ အရွယ်လဲ ရှိသေးတဲ့အတွက် လုပ်စားကိုင်စားဖို့ အခွင့်အရေး ရှိပါသေးတယ်။ ဒီတိုင်း ရေစုန်မျှောသွားလို့ အဆင်မပြေပါဘူး။ ဘဝကို (၁) ကနေ ပြန်စပါ။ ကလေး ကို မွေးစား ကြည့်ရှု့ထားပေးပြီး ပညာတတ်ဖြစ်အောင် ဆရာတော်ကျောင်းမှာထား၍ ပညာတွေ သင်ပေးထားပါမည်။ တချိန်ချိန် အဆင်ပြေလာတဲ့အခါ ဆန္ဒရှိရင် အချိန်မရွေး ကလေးကို လာပြန်ခေါ်ပါ။ အကယ်၍ နောက်အိမ်ထောင်တွေ ဘာတွေကျ၍ ကလေးကို ပြန်မခေါ်ချင်တော့ဘူးဆိုရင်လည်း တသက်လုံး မွေးစားစောင့်ရှောက်လိုက်ပါတော့မည်။

ဒါမှမဟုတ် ကလေး နဲ့ သံယောဇဉ် မပြတ်နိုင်သေးရင်လည်း နေရပ်ပြန်ဖို့ စီစဉ်ပေးပြီး ပြန်ခေါ်သွားနိုင်ပါကြောင်း ရှင်ပြ ပြောပြရာ မိခင် ဖြစ်သူမှ ဘုန်းကြီးကျောင်းတွင် (၂)ညတိတိ တည်းခိုနေထိုင် စဉ်းစားပြီး ကလေးကို မွေးစားစေဖို့ နည်းလမ်းကို ရွေးချယ်သွားပါတယ်။ တချိန်ချိန် အဆင်ပြေသည့်အခါ ကလေးကို လာပြန်ခေါ်ပါမည်တဲ့။ သူ့ဘဝကို အစကနေ ပြန်ကြိုးစားရုန်းကန်ပါမည်ဟု ဆန္ဒပြုလာပါ တယ်။

အဲဒါနဲ့ ဆရာတော်နဲ့ ကျွန်တော်တို့လည်း ကောင်မလေးကို ဘုန်းကြီးကျောင်းလိပ်စာ ဆရာတော်နဲ့ ကျွန်တော်ရဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေပေး သူမပြန်ဖို့ ရထားခရီးစဉ်နဲ့ လမ်းမှာ ခရီးစရိတ်လုပ် သုံးစွဲဖို့ ငွေကြေး (၃၀၀၀၀) ကူညီပေးလိုက်ပြီး သူ့ရဲ့ ဘဝသစ်တခု ရုန်းကန် ပြန်စဖို့ ယမန်နေ့ မနက်ရထားနဲ့ လွှတ်ပေးလိုက်ပါပြီ။

သမီးလေး ဝိုင်းဝန်းချစ် (၁ နှစ် ၄ လ)ကတော့ ဓမ္မနန္ဒီဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ လက်ထဲမှာကျန်နေခဲ့ပါပြီး။ သမီးလေးကို ပညာတတ် လူတော်လူကောင်းလေး ဖြစ်အောင် စောင့်ရှောက် မွေးစားရတော့မှာပေါ့။ တနေ့နေ့ တချိန်ချိန်မှာ မိခင် နဲ့ ကလေးတို့ အဆင်ပြေ ပျော်ရွှင်စွာ ပြန်ဆုံတွေ့နိုင်ကြပါစေ။

အော်.. ကယ်ဆယ်ရေးသမားတွေဘဝ.. တနေ့နေ့ တချိန်ချိန် ” ကြုံရဆုံရ ကယ်ဆယ်ရေးသမားများဘဝ” ဆိုပြီး ဝတ္တုဇာတ်လမ်းတွဲလေးတွေ ပြန်ရေးရမယ် ထင်တယ်။

Zin Moe – မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့

Facebook Comments

Burmese Online News