COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကိုသတ်နိုင်သော ပဋိပစ္စည်းထုတ်နိုင်ပြီဟု အစ္စရေးထုတ်ပြန်

COVID-19 ကိုဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကို သတ်နိုင်သော ပဋိပစ္စည်းကို အစ္စရေးဇီဝသုတေသနအင်စတီကျု(IIBR) က ခွဲထုတ်ဖန်တီးနိုင်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး နက်ဖ်တာလီ ဘန်းနက်က မေ ၄ ရက်တွင် ပြောဆိုခဲ့သည်။

ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခု( မိုနိုကလိုနယ်)မှ ထုတ်ယူထားသည့် ပဋိပစ္စည်းဖြစ်ပြီး ဗိုင်းရပ်စ်သယ်ဆောင်ထားသူ၏ခန္ဓာကိုယ်ရှိ ကိုရိုနာဗိုင်းရပ်စ်များကို သတ်နိုင်စွမ်းရှိနေကြောင်း နက်ဖ်တာလီ ဘန်းနက်က ပြောဆိုခဲ့သည်။

ပဋိပစ္စည်းထုတ်လုပ်မှုနည်းလမ်းကို မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး အမြောက်အများထုတ်လုပ်နိုင်မည့် နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း IIBR ၏အကြီးအကဲ ရှမြူယယ် ရှာပီရာက ပြောဆိုခဲ့သည်။

IIBR သည် COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏သွေးရည်ကြည်ကိုစစ်ဆေးခြင်းအပါအဝင် COVID-19 ကုသရေး၊ ကာကွယ်ရေးတွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုကျော်လွှားနိုင်ခဲ့သည့် ခုခံအားစနစ်ပရိုတင်းများမှ ပဋိပစ္စည်းသည် COVID-19 ကုသရေးတွင် အရေးပါသောကဏ္ဍမှပါဝင်နေသည်။

IIBR ကခွဲထုတ်နိုင်သည့် ပဋိပစ္စည်းသည် ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခုမှထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုသရေးတွင် ပိုမိုစွမ်းအားရှိသည်။ အစ္စရေး၌ COVID-19 ကူးစက်သူ ၁၆၂၄၆ ဦးနှင့် သေဆုံးသူ ၂၃၅ ဦးရှိနေပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News