COVID-19 လူနာအမှတ် ၁၆၁ နေထိုင်ခဲ့သည့် ကျောက်တန်းမြို့နယ်ရှိ ရွာကို Lockdown ချ
COVID-19 လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် သူပေးထားတဲ့ အင်းစိန်မြို့နယ် နေရပ်လိပ်စာကို သက်ဆိုင်ရာက သွားရောက်ရှာဖွေရာမှာ မတွေ့ရဘဲ သူနေထိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဖြစ်ကြောင်း သိရပါတယ်။
အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးဖြစ်တဲ့ လူနာအမှတ် ၁၆၁ ဟာ ဒလမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တာကြောင့်လည်း အဲဒီရပ်ကွက်နဲ့အနီးနားက ရပ်ကွက်တွေအတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် မတွေ့ရကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဒီဗွီဘီကို ပြောပါတယ်။
သူနေခဲ့တဲ့ရာဇသင်္ကြန်ရပ်ကွက် ကျော်ထင်အနော်ရထာလမ်း နေအိမ်ကို သွားရှာပေမဲ့ သူဟာ ဒလနဲ့ အဆက်အစပ်မရှိတာ ၂ နှစ်လောက်ရှိပြီဖြစ်ကြောင်းကို စုံစမ်းသိရှိရတယ်လို့ ဒလမြို့ကျန်းမာရေးဌာနကပြောပါတယ်။သူနဲ့ ပတ်သက်ပြီး လက်ရှိဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သူဟာ ကျောက်တန်းမြို့နယ်ရှိ ဟိန္ဒူဘုရားကျောင်းတခုမှာ နောက်ဆုံးနေထိုင်ခဲ့တာလို့ပြောပါတယ်။
ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း လူနာအမှတ် ၁၆၁ ဟာ ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ရန်ကုန်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။သူရဲ့တူဖြစ်သူဆေးရုံတက်ချိန်မှာ လူနာစောင့်ပေးခဲ့ပြီး ပိုးတွေ့လူနာနဲ့ အခန်းတခန်းတည်း ဖြစ်ခဲ့လို့ ရောဂါလက္ခဏာပြတာကြောင့် ရန်ကုန်မှာ Quarantine ဝင်နေစဉ် ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။
သူနဲ့အတူနေထိုင်သူတွေကို သွားရောက်ခေါ်ဆောင်မှာဖြစ်ပြီး ပီလခတ်ကျေးရွာနဲ့ ပီလခတ်ဘုရားကျောင်းကို Lockdown ချလိုက်ပြီလို့လည်း သိရပါတယ်။လူနာတွေဟာ သံသယအနေနဲ့ Quarantine Centerကို ရောက်ပြီဆိုရင် ဘယ်တွေသွား၊ ဘယ်သူနဲ့တွေ့ ဘာလုပ်ခဲ့သလဲ ဆိုတော့ ကိုယ့်ဟာကိုယ် မှတ်မိသလောက် ချရေးထားသင့်ပြီး ဒီလို ရေးထားခြင်းအားဖြင့် တိုင်းပြည်ကိုလည်းကူညီရာရောက်သလို ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် အတွက်လည်း ကူညီရာရောက်တယ်လို့ အင်းစိန်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
#ဒီဗွီဘီ