အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို လစာအပြည့်မပေးပဲ သဘောမတူလျှင် မောင်းထုတ်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို ဧပြီလလုပ်ခလစာ အပြည့်အဝမပေးဘဲ လစာလျှော့ပေးခြင်းကို သဘောမတူပါက စက်ရုံအတွင်း ပေးမဝင်ဘဲ စက်ရုံ အပြင်သို့ မောင်းထုတ်မှုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

‘မေ ၅ ရက်က စဖြစ်တာပါ။ အလုပ်သမားတွေအတွက် ရက် ၂၀ စာ ရှင်းပေးပြီးတော့ အလုပ်သမားတွေက လက်မခံကြဘူး။ ၄ လပိုင်း ဧပြီလစာကို လျှော့ပြီးပေးတယ်။ အလုပ်သမားတွေအတွက် နေ့စဉ် ကြေးတို့၊ ကျွမ်းကျင်ကြေးတို့ တခြားဟာ တွေအကုန်မပေးတော့ အလုပ်သမားတွေက နစ်နာနေရတယ်။ ဒီနေ့သူတို့တွေက စက်ရုံကိုသွားတော့ လုပ်ငန်းရှင်က စက်ရုံတံခါးကို ပိတ်ထားတယ်။ သူတို့ပေးတဲ့ လစာကိုယူမှ စက်ရုံထဲ ဝင်ခွင့်ရှိမယ်။ လက်မခံတဲ့သူကို လုံးဝ ဝင်ခွင့်မပေးဘူး။ ဒီစက်ရုံကိုလည်း ပိတ်မယ်ပြောတယ်။ လက်မခံတဲ့သူတွေကတော့ မဝင်ဘဲ အပြင်မှာပဲ နေနေရတာပါ’ ဟု ရောင်ခြည်ဦး အလုပ်သမားရေးရာအဖွဲ့ ဥပဒေရေးရာ အထောက်အကူပြုဌာနမှ ကိုနိုင်ဌေးလွင်က ပြောပါသည်။

ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃ ...

ထို့ပြင် အလုပ်သမား ၈၀ ကျော်သည် လုပ်ခလစာ လျှော့ပေးခြင်းကို သဘောမတူသည့်အတွက် စက်ရုံအပြင်ထွက်နေရာ နယ်မြေရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ရောက်လာပြီး ၁၅ မိနစ်အတွင်း လူစုမခွဲပါက ဖမ်းဆီးမည်ဟု ကြေညာ၍ အလုပ်သမားများလူစုခွဲ၍ အိမ်ပြန်သွားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အလုပ်သမားများ၏ လုပ်ခလစာနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်ကို ပြန်လည်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်သမားများ၏ လူမှုဖူလုံခွင့်ကိုလည်း အပြည့်အဝရရှိမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့မှ ကိုအောင်သူက ပြောသည်။

အဆိုပါ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံကို မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသား ပိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုစက်ရုံတွင် အလုပ်သမား ၁၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

စည်သူဟိန်း (TSTD)

Facebook Comments

Burmese Online News