ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မြန်မာတပ်ကို တရုတ်တပ်က သင်တန်းပေး
မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်မယ့် တပ်မတော်သား ဆေးတပ်သားတွေကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ဆေးပညာရှင်တွေက ရောဂါကုသရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတယ်လို့ ဆင်ဟွာ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဆေးတပ်ဖွဲ့ ဟာ မြန်မာနိုင်ငံအတွက် အရေးပေါ် ဆေးကုသရေး စက်ကိရိယာတွေနဲ့အတူ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကို ထားရှိမယ့် ဖောင်ကြီးမြို့မှာရှိတဲ့ ရောဂါကုသရေးစင်တာမှာ တာဝန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်း ၄၀ ဦးကို ပထမအသုတ်အဖြစ် သင်တန်းပေးခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ဆေးတပ်ဖွဲ့က ပေးတဲ့ သင်တန်းတွေဟာ မြန်မာကျန်းမာရေး ၀န်ထမ်းတွေအတွက် အရေးကြီးပြီး၊ ထိရောက်တဲ့ ရောဂါကုသရေး လုပ်ငန်းတွေ လုပ်ပေးနိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ တပ်မတော် ဆေးတက္ကသိုလ်က ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်းက ပြောပါတယ်။
#RFA