ကိုဗစ်ကပ်ကြီးအကြောင်း ဘာမှမသိတဲ့ ပြင်သစ် ရေငုပ်သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေကြသူများ

ကမ္ဘာ့အဆင့်ကပ်ရောဂါ ဖြစ်တဲ့ COVID-19 ရောဂါဆိုးကြီး အပြင်လောကမှာ အရှိန်အဟုန် ကောင်းနေပေမယ့် ဒီရောဂါကြီးဖြစ်ပွညးနေတာကို မသိရှိသေးတဲ့ လူအချို့တော့ ထူးထူးဆန်းဆန်းရှိနေပါသေးတယ်။

ဒီလူတွေကတော့ ပင်လယ်ရေပြင်အောက်မှာ လပေါင်းများစွာကင်းလှည့်တာဝန်ထမ်းဆောင်နေကြတဲ့ နျူကလီးယားရေငုပ်သင်္ဘောကြီးတွေရဲ့ Crew များပဲဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါဆိုးကို နိုင်ငံအသီးသီးက ပြည်သူတွေသာမက ကြည်း၊ ရေ ၊လေ တပ်မတော်အားလုံးက စစ်သားတွေပါ ခံစားနေရတာဖြစ်ပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး နဲ့ ပြင်သစ်လေယာဉ်တင်သင်္ဘောကြီးတို့ပေါ်မှာ ရောဂါကူးစက်မှုတွေရှိခဲ့တာဟာထင်ရှားတဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။ သို့ပေမယ့်လည်း နျူကလီးယားရေငုပ်သင်္ဘောကြီးတွေရဲ့ တပ်သားတွေကတော့ ဒီသတင်းကိုမသိရှိသေးပါဘူးတဲ့။

ပြင်သစ်ရေတပ် နျူကလီးယားရေငုပ်သင်္ဘောကွန်မန်ဒါဟောင်းတစ်ဦးရဲ့အဆိုအရ ဒီရေငုပ်သင်္ဘောသားတွေဟာ Pandamic သတင်းကို လက်တလောသိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကြီးတွေဟာ မဟာဗျူဟာလက်နက်စာရင်းဝင် ဖြစ်ပါတယ်။ တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ နျူကလီးယား လက်နက်ပေါင်းများစွာကိုတင်ဆောင်ထားပြီး ကမ္ဘာ့ပင်လယ်သမုဒ္ဓရာများအောက်မှာ တိတ်ဆိတ်စွာကင်းလှည့်နေရပါတယ်။

၎င်းတို့ဟာ မဟာဗျူဟာလက်နက်တွေဖြစ်တာကြောင့် ကင်းလှည့်နေတာကို လူသိခံလို့မရပါဘူး။ ဒါကြောင့် ပုံမှန်ကင်းလှည့်တာဝန်စတင်ပြီဆိုတာနဲ့ အဆက်အသွယ်အားလုံးကိုဖြတ်တောက်ပြီး ရေအောက်ထဲမှာ လနဲ့ချီပြီးသီးသန့်နေထိုင်ရပါတယ်။ ၎င်းတို့ဆီအဝင်အထွက်ပြုလုပ်နေတဲ့ Message တွေကတော့ ပုံမှန်တည်နေရာဖော်ပြချက်နဲ့ တိုက်ပွဲဝင်အမိန့်ပဲဖြစ်ပါတယ်။ သင်္ဘောသားတွေဟာလည်း တာဝန်ထမ်းဆောင်စဉ်တစ်လျှောက်မှာ ဘယ်ကိုမှအဆက်အသွယ်မပြုလုပ်ရတော့ပါဘူး။

ပြင်သစ်ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံးတိုက်ချင်းပစ်ဒုံးတပ်ရေငုပ်သင်္ဘော လေးစီးရှိပါတယ်။ ယေဘူယျအားဖြင့် ဒီရေငုပ်သင်္ဘောတွေဟာ တစ်ကြိမ်ငုပ်လျှိုးတာနဲ့ ရက်ပေါင်း ၇၀ အထိကြာမြင့်တက်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ရေပေါ်ပြန်မတက်ခင်အထိတော့ ဒီသတင်းတွေကိုသိဦးမှာမဟုတ်ပါဘူး။

ဒါ့အပြင် ပြင်သစ်ရေတပ်ကွန်မန်ဒါဟောင်း ရဲ့ ပြောကြားမှုမှာ အကယ်၍ အဆက်အသွယ်ရခဲ့ရင်လည်း ဒီကိစ္စကို ရေငုပ်သင်္ဘောတပ်ဖွဲ့သားတွေကိုပေးသိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ အကယ်၍ Pandemic အခြေအနေကိုပေးသိလိုက်ရင် မိသားစုတွေရဲ့ ကျန်းမာရေးလုံခြုံရေးတို့အတွက် ရေငုပ်သင်္ဘောသားတွေ အရမ်းစိုးရိမ်သွားပြီး တာဝန်ထမ်းဆောင်ရာမှာ အနှောက်အယှက်ဖြစ်သွားမှာစိုးရတဲ့အတွက်ဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောတပ်သားတွေဟာ အသေအချာလေ့ကျင့်ထားကြတဲ့လူတွေဖြစ်ပြီး ကမ္ဘာဖျက်လက်နက်တွေကိုကိုင်တွယ်အသုံးပြုနိုင်သူတွေဖြစ်ပါတယ်။ Pandemic သတင်းကြောင့် ဒီတပ်သားတွေစိတ်အနှောက်အယှက်ဖြစ်ပြီး စိတ်ခံစားမှုအတိုင်းပြုလုပ်မှာစိုးရတဲ့အတွက်ကြောင့် သတင်းကို ထိမ်ချန်ထားကြရတာပဲဖြစ်ပါတယ်။

အမေရိကန်ရေတပ်မှာတော့ Ohio ရေငုပ်သင်္ဘောကြီး ၁၄ စီးအထိရှိနေပြီး ၎င်းတို့ထဲက တစ်ဝက်ခန့်ဟာ ပင်လယ်ထဲရောက်နေပြီဖြစ်ပါတယ်။ ဒီရေငုပ်သင်္ဘောကြီးတွေကိုလည်း COVID19 အခြေအနေကို အသိပေးအကြောင်းကြားထားခြင်းမရှိဘူးလို့ယူဆရပါတယ်။ နယ်သာလန်ရေတပ်ရဲ့ ဒီဇယ်အီလက်ထရစ်စွမ်းအင်သုံးရေငုပ်သင်္ဘော HNLMS Dolfin ဟာလည်း တာတိုကင်းလှည့်တာဝန်ထွက်ခွာပြီးမကြာမီမှာပဲ COVID19 Positive လူနာတွေ့ရှိခဲ့လို့ ပြန်လှည့်လာခဲ့ရပါတယ်။

လူ ၅၈ဦးသာပါတဲ့ Dolfin ရေငုပ်သင်္ဘောပေါ်မှာ သင်္ဘောသား ရှစ်ဦး COVID19 တွေ့ခဲ့တာကြောင့် ချက်ချင်းအခြေစိုက်စခန်းကိုပြန်လှည့်ခဲ့ရပါတယ်။ ရေငုပ်သင်္ဘောတွေဟာ အထဲမှာ လွန်စွာကျဉ်းကျပ်လေ့ရှိတာကြောင့် ရောဂါဖြစ်တဲ့လူပါဝင်လာရင် တစ်စီးလုံးကို ကူးစက်မှာအသေအချာပဲဖြစ်ပါတယ်။ Social Distancing ပြုလုပ်မရတဲ့အခြေအနေကြောင့် ရေငုပ်သင်္ဘောငယ်တွေဟာ ပုံမှန်တာဝန်တွေကနေ ရပ်နားထားဖို့လည်းသင့်ပါတယ်။ နျူကလီးယားရေငုပ်သင်္ဘောကြီးတွေကတော့ ဘယ်လောက်ပဲ ကမ္ဘာပျက်နေနေ နျူကလီးယားလက်ဦးမှု ရယူတိုက်ခိုက်ရေးအတွက် ပုံမှန်ကင်းလှည့်တာဝန်တွေကို ပြုလုပ်နေရမြဲဖြစ်တဲ့အတွက် ရှောင်လွှဲလို့မရပါဘူး။

ဇွဲထွဋ်ဦး (TFWN)

Facebook Comments

Burmese Online News