ထရမ့်အစိုးရ၏ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုများကို သမ္မတဟောင်းအိုဘားမား ဝေဖန်

ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများမှာ တကယ့် ပရမ်းပတာ ဆိုးဆိုးဝါးဝါးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း အိုဘားမားက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ အမေရိကန်သမ္မတဟောင်းအိုဘားမားသည် ၎င်း၏ လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးသူများနှင့် မေလ ၈ ရက်နေ့ ညက တယ်လီဖုန်းဖြင့် စကားပြောဆိုကြချိန်တွင် အထက်ပါအတိုင်း မှတ်ချက်စကားပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုဟာ ဘယ်လောက်အားပျော့လိုက်သလဲ၊ ဘယ်လောက် ဆိုးသလဲဆိုတဲ့ အချက်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အကောင်းဆုံးအစိုးရမျိုးဆိုရင်တောင် ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်ပါတယ်။ ငါ့အတွက် ဘာရမလဲဆိုတဲ့ စိတ်မျိုး၊ တခြားသူအားလုံးနဲ့ စိတ်ဆိုးဒေါသထွက်နေတဲ့စိတ်မျိုး ရှိနေတဲ့အခါမှာတော့ ကပ်ရောဂါအပေါ် တုံ့ပြန်မှုက တကယ့်ကို ပရမ်းပတာနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်” ဟု သမ္မတဟောင်း အိုဘားမားက ပြောကြားခဲ့သည်။

သမ္မတဟောင်း အိုဘားမား၏ ပြင်းထန်သော ယင်းမှတ်ချက်စကားကို ၎င်း၏ လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးသော အစိုးရတာဝန်ရှိသူဟောင်း (၃) ဦးက အတည်ပြုပြောကြားခဲ့သည်။ မိနစ် ၃၀ ခန့်ကြာမြင့်သည့် ‘အိုဘားမား လူဟောင်းများအဖွဲ့’ (Obama Alumni Association) အဖွဲ့ဝင်များနှင့် တယ်လီဖုန်းစကားပြောရာ၌ ‘ကမ္ဘာ့အကျပ်အတည်းကာလမျိုးတွင် မည်သည့်အတွက်ကြောင့် ခိုင်မာအားကောင်းသော ခေါင်းဆောင်မှု လိုအပ်သည်ဆိုသည်ကို ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုက ပြင်းပြင်းထန်ထန် သတိပေးလိုက်ခြင်း ဖြစ်သည်’ ဟု သမ္မတဟောင်း အိုဘားမားက ပြောကြားခဲ့သည်။

ယင်းမှတ်ချက်စကားနှင့် ပတ်သက်၍ သမ္မတဟောင်း အိုဘားမား၏ ပြောခွင့်ရပုဂ္ဂိုလ်က တစ်စုံတစ်ရာ ပြောကြားခြင်းမပြုဘဲ ငြင်းဆန်ခဲ့သည်။

အမေရိကန်သမ္မတဟောင်း အိုဘားမား၏ ဝေဖန်မှုကို အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ Kayleigh McEnany က ပယ်ချခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုတုံ့ပြန်ဆောင်ရွက်မှုသည် ယခင်တစ်ကြိမ်တစ်ခါမျှ မရှိဖူးသောအောင်မြင်မှုဖြစ်ပြီး အမေရိကန်များ၏ အသက်ကို ကယ်တင်ပေးခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Facebook Comments

Burmese Online News