ချောက်တွင် အပူချိန်မြင့်နေသဖြင့် ရေချိုးချိန်ကန့်သတ်

အပူချိန်စံချိန်သစ်တင်ခဲ့သော ချောက်မြို့နယ်တွင် နေ့အပူချိန်မြင့်တတ်လာ သောကြောင့် ရေချိုးချိန်ကန့်သတ်ထားပြီး အပူဒဏ်ကာကွယ်ရေးပညာပေး နှိုးဆော်မှုများ ဆောင်ရွက်နေရပြီဖြစ်သည်။

အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးအသိပေးလက်ကမ်းစာစောင်များ၊ နှိုးဆော်မှုများကို မေလ ၉ ရက်နေ့က စတင် လုပ်ဆောင်နေပြီး မြို့နေပြည်သူ အများစုရေချိုးရာ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ ရေချိုးဆိပ်လေးခုတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ရေမချိုးရဟူသော ဗီနိုင်းဆိုင်းဘုတ်များစိုက်ထူထားသည်ဟု ချောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်-၁ ဦးလှိုင်မြင့်ဟန်က ပြောဆိုသည်။ ယင်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း နယ်မြေခံသားဖွားဆရာမများက အသံချဲ့စက်ဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အတွင်း ရေမချိုးရန်နှင့် အပူဒဏ် ကာကွယ်ရေး ကျန်းမာရေအသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေသည်ဟု ဒေသခံများအဆိုအရ သိရသည်။

Image may contain: outdoor

“ကျွန်တော်တို့မြို့က နှစ်စဉ် နှစ်တိုင်း အပူချိန်မြင့်တဲ့မြို့ပေါ့။ စံချိန် မချိုးတောင်မှ အပူချိန်မြင့်တဲ့အတွက် အများပြည်သူတွေ အပူဒဏ်ကင်းဝေးဖို့ ကြိုတင်ပြီးတော့မှ ရပ်ကွက်၊ ကျေးရွာ ကျန်းမာရေးမှူးတွေ၊ ကျွန်တော်တို့ မြို့မ ကျန်းမာရေးမှူးတွေ ဦးဆောင်ပြီးတော့ အသိပညာပေးကားတွေနဲ့ လှုံ့ဆော်ပါတယ်။ ဒီနှစ်ကတော့ ကိုဗစ် ၁၉ နဲ့ ရောနေ တဲ့အတွက် ကျွန်တော်တို့ လုပ်အားတွေ ကိုဗစ်ကိုစောင်းပေးရတဲ့အတွက် လုပ်အားလျော့သွားပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပစ်မထားပါဘူး။ အသိပညာပေးမှုတွေ လှုံ့ဆော်မှုတွေ ဆက်တိုက်လုပ်မှာပါ” ဟု ဦးလှိုင်မြင့်ဟန်က ထပ်မံပြောကြားသည်။

Image may contain: one or more people, outdoor and nature

ချောက်မြို့သည် နှစ်စဉ် နွေရာသီ ရောက်တိုင်း အပူချိန်များဆက်တိုက်မြင့် တတ်လေ့ရှိရာ ယခင်နှစ်နွေရာသီ မေလ ၉ ရက်နေ့၏ အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်ကို ယခုနှစ် နွေရာသီ မေလ ၈ ရက်နေ့က ၄၇ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြင့် စံချိန်ချိုးကာ ၅၂ နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်တင်ခဲ့သည်ဟု ချောက်မြို့ မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာရေးစခန်းမှူး ဒေါ်ခိုင်သန္တာအောင်က ပြောကြားသည်။

ချောက်မြို့ ပြည်သူ့ဆေးရုံအနေနှင့် Heart Storke အပူဒဏ်သင့်ရောဂါဖြစ် ပွားသူများရှိပါက ၎င်းတို့ကို ကုသနိုင်ရန် သီးသန့်ခန်းနှစ်ခန်း ပြင်ဆင်ထားကြောင်း၊ ၂၀၁၉ ခုနှစ် နွေရာသီကာလက Heart Storke အပူဒဏ်သင့်ရောဂါဖြစ်ပွားခဲ့သူ လူနာခြောက်ဦးရှိခဲ့ကာ သုံးဦးသေဆုံးခဲ့ကြောင်း ချောက်မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

ယခင်နှစ်က ချောက်မြို့တွင်နေ့ အပူချိန်များ ဆက်တိုက်မြင့်တက်နေသောကြောင့် မြို့နယ်တာဝန်ရှိသူများနှင့် မြို့မိမြိုဖများ ပူးပေါင်းကာ နယ်မြေ ၁၅ ခုမှ ရပ်ကွက်များ၊ ဓမ္မာရုံများတွင် ကလေးငယ်နှင့် အသက်ကြီးဘိုးဘွားများအတွက် အပူရှောင် စခန်းများဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကိုဗစ် ၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန် အပူရှောင်စခန်းများနှင့် ရေချိုးစခန်းတို့ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိဖြစ်ခဲ့ရသည်။

ဒဗွိုက်စ်

Facebook Comments

Burmese Online News