အားလုံးသတိ!!! ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့တွင် Mask မတပ်သူများအား စတင်အရေးယူပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် Mask မတပ်သူများအား ယနေ့ မေလ ၁၃ ရက်နေ့က စတင်အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောကြားသည်။
“Mask မတပ်ပဲ အပြင်ထွက်လာသူတွေကို ဖမ်းဆီးတာ ဟုတ်ပါတယ်။ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဦးဆောင်ပြီးအကိုတို့ စည်ပင်က အဖွဲ့ဝင်အနေနဲ့ လိုက်ပါကာ ဖမ်းဆီးအရေးယူမှုတွေ ဒီနေ့လုပ်ခဲ့ရာမှာတော့ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ ကို ဒဏ်ငွေ ၅၀၀၀စီ ကျခံစေခဲ့ပါတယ်။” လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်မြတ် ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက မေ ၁၁ ရက်တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက် ၁၀ ချက်မှအပ လူငါးဦးထက် ပိုမိုစုဝေးခြင်းနှင့် Mask မတပ်သူများအား မေ ၁၃ ရက်မှ စတင်ကာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးမြို့တွင် ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျ လုံခြုံစွာ တပ်ဆင်၍ သွားလာခြင်း ရှိ/မရှိ စစ်ဆေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာမှု ရှိ/မရှိနှင့် စနစ်တကျ လုံခြုံစွာ တပ်ဆင်ထားမှု ရှိ/မရှိတို့ကို စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြရာ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော ပြည်သူများအား Mask (၂)ခုကို ငွေကျပ် ၁၀၀၀ ဖြင့် ဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် မေလ ၉ ရက်နေ့မှ စတင်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း (Mask)များကို စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာကြရန် အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် မေလ ၉ ရက်မှ မေလ ၁၅ ရက်အထိအသိပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း၊ အသိပညာပေးကာလအတွင်း Mask များ စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်း မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းဖြင့် Mask(၂)ခုကို ငွေကျပ် ၁၀၀၀ဖြင့် ဝယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း၊ အသိပညာပေးကာလ ကုန်ဆုံးမည့် မေလ ၁၅ရက်နေ့ နောက်ပိုင်းတွင် Mask ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်း မရှိပါက ငွေကျပ် ၅၀၀၀ဖြင့် Mask (၂)ခုကို ဝယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း၊ Mask ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးကြေညာချက်တွင် ပါရှိသည်။
#Blacker