လည်တိုးကွင်းများကြောင့် မျိုးတုန်း ပျောက်ကွယ်တော့မည့် မြန်မာ့ ရွှေသမင်တွေရဲ့ နိဂုံး
ဧက ၆ သောင်းကျော်ကို ဝန်ထမ်း ၁၄/၁၅ ယောက်နဲ့ ထိန်းသိမ်းနေရတဲ့ ချပ်သင်းဘေးမဲ့တောမှ မြန်မာ့ရွှေသမင်တွေရဲ့ နိဂုံး…
(၁၁.၅.၂၀၂၀) ချပ်သင်းဘေးမဲ့တော.. လွန်ခဲ့တဲ့ရက်အနည်းငယ်က သမင်လည်တိုးကွင်း (၅၀၀) လောက် ထောင်ထားတာတွေ့ရှိရဆိုတဲ့သတင်း ကျွန်တော်တင်ခဲ့တာ မှတ်မိလောက်မယ်ထင်ပါတယ်။ အဲ့ဒီနေ့က ကျွန်တော်တို့တတွေဟာ ကံကြီးတောင်တက်နေလို့ လည်တိုးကွင်းထောင်ထားတာတွေ ဖျက်စီးတာကို လိုက်မကြည့်လိုက်ရပါဘူး။ ဘေးမဲ့ဝန်ထမ်းတွေ ည ၈ နာရီ လောက်ပြန်ခဲ့ကြတော့မှ ကျွန်တော်ကို အသေးစိတ်ပြောပြခဲ့တာကို ပြန်ရေးပြီးတင်ထားတာပါ။
ဒါကြောင့် ဒီနေ့ အဲ့ဒီနေရာကို ကျွန်တော်တို့ လက်တွေ့သွားရောက်လေ့လာခဲ့ကြပါတယ်။ သမင်လည်တိုးကွင်းထောင်ထားတဲ့နေရာဟာ ကျွန်တော်နေတဲ့ စမ်းမြောင်စခန်းကနေ (၇) မိုင်လောက်ဝေးပါတယ်။ မိုးတွင်းခါရေအမြဲဝပ်တဲ့ ရိုးလေးတလျှောက်မှ လည်းတိုးကွင်းတွေကို ထောင်ထားတာပါ။ လျှိုတလျှောက်မှာရှိတဲ့ သမင်တွေကို လည်တိုးကွင်းထောင်ထားတဲ့ဘက်ကို မောင်းခြောက်ထုတ်ပြီး ဖမ်းတဲ့သဘောမျိုးရှိပါတယ်။ သစ်ပင်တွေမှာ ချည်ထားတဲ့ သွပ်နန်းကြိုးတွေတွေ့ရပါတယ်။
မြေပြင်မှာ အမဲဖျက်ထားတဲ့ သွေးကွက်တွေ၊ ပလပ်စတစ်စတွေတွေ့ရပြီး သားကောင်ဖျက်ထားတဲ့တနေရာမှာ ကျွန်တော်က အပင်တွေပေါ်လျှောက်မော့ကြည့်တဲ့အခါ သစ်ပင်ခွကြားတခုမှာ သမင်ဂျိုတခုကိုမြင်ရလို့ ဝန်ထမ်းတွေကိုပြောလိုက်ပါတယ်။ ဝန်ထမ်းတွေကိုတိုင် အံ့ဩသွားပါတယ်။ လည်းတိုးကွင်းတွေဖြုတ်တုန်းက သူတို့မတွေ့ခဲ့ကြဘူးကိုး…။ သမင်ဘောက် (အထီး) မိသွားလောက်တယ်လို့ သူတို့ကခန့်မှန်းခဲ့ကြတာဖြစ်ပြီး ယခု သမင်ဂျိုကိုတွေ့တော့မှ သမင်ဘောက်(အထီး)မိသွားကြောင်း သက်သေရပါတော့တယ်။
အခု ကျွန်တော်တင်ပြနေတာ သမင်လည်တိုးကွင်းမှာမိတဲ့ သမင်အကြောင်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ချပ်သင်းဘေးမဲ့တောရောက်ခါစရက်ပိုင်းတွေမှာ တူမီးသေနတ်သံ ၄/၅ ချက်၊ တခါတရံ ၁၂ ချက်၊ နေ့စဉ်ရက်ဆက်လို ကြားနေရပါတယ်။ ယခုနောက်ပိုင်းတွင် တညတလေမှာသာ သေနတ်သံ ၁ချက် ၂ချက် ကြားရပါတော့တယ်။ သမင်တွေ ဘယ်လောက်အထိ အသတ်ခံနေရသလဲ မမှန်းဆတတ်ပါ။
ဘေးမဲ့တောထိန်းသိမ်းတဲ့ ဝန်ထမ်းများမှာ ဧက ၆ သောင်းကျော်ကို လူ ၁၄/၁၅ ယောက်နဲ့ထိန်းသိမ်းရ၊ အမဲလိုက်မုဆိုးအဖွဲ့များကို တားမြစ်ခုခံဟန့်တားရန် လက်နက်တပ်ဆင်ပစ်ခတ်ခွင့်ပေးမထား၊ မုဆိုးမှ တရားပြန်စွဲလျှင် မိုင် (၂၀)လောက်ဝေးတဲ့ ကန့်ဘလူရဲစခန်းကို အမှုသွားရင်ဆိုင်ကြရ စတဲ့အခြေအနေများကြောင့် ရွှေသမင်နှင့်ဘေးမဲ့တောကို ဘယ်လိုဆက်ထိန်းသိမ်းရမလဲဆိုတာ ပြဿနာတစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
သမင်အုပ်တစ်အုပ်ကို သမင်ဘောက် (အထီး)တစ်ကောင်က ဦးဆောင်လေ့ရှိပါတယ်။ သမင်အမ (၄/၅/၆ကောင်ကနေ ၁၄/၁၅ကောင်) ပါဝင်တတ်ပါတယ်။ သမင်ဘောက်ဟာ (အထီး)ဟာ သမင်မျိုးပွားဖို့ အလွန်အရေးကြီးပါတယ်။ နောက်ပြီး သမင်အုပ်တွေရဲ့ သဘာဝအလှတရားဟာလည်း သမင်ဘောက် (အထီး)ပါပဲ။ သမင်ဘောက်တွေမရှိတော့ရင် သမင်မျိုးဆက်ပြတ်သွားပါလိမ့်မယ်လို့ တွေးထင်ရင်း မြန်မာ့ရွှေသမင်ရဲ့ အနာဂတ်အတွက် ရင်လေးမိပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား….။
Than Htay