တောင်ကိုရီးယားရဲ့ အထူးသံတမန်စေလွှတ် ညှိနှိုင်းမည့် အစီအစဉ်အား မြောက်ကိုရီးယား ပယ်ချ

ပြည်ပြေးတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့  လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပြေလျော့စေပြီး ပြန်လည် သင့်မြတ်စေဖို့အတွက် အထူးသံတမန်တွေ စေလွှတ်ညှိနှိုင်းမယ်ဆိုတဲ့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ယနေ့ ဇွန်လ ၁၇ ရက်မှာ ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်နားမှာ တပ်ဖွဲ့တွေ ပြန်ချထားမယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်တဲ့ ဒီကြေညာချက်တွေဟာ ၂၀၁၈ ခုနှစ်က နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့တဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ်မြို့မှာ တည်ထောင်ထားတဲ့ ပူးတွဲဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးပြီး နောက်တနေ့မှာ ထပ်မံထွက်ပေါ်လာတာပါ။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်က ဇွန် ၁၅ ရက်နေ့မှာ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ကို အထူးသံတမန်တွေအဖြစ် စေလွှတ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ကင်ယိုဂျောင်က “ပရိယာယ်များပြီး၊ အန္တရယ်မကင်းတဲ့ အဆိုပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့တယ်” လို့  ဖော်ပြခဲ့ပါတယ်။

Facebook Comments

Burmese Online News