ဘော့ဆွာနာနိုင်ငံမှာ ဆင်အကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့မှု ပဟေဠိဖြစ်နေ

ဆင်အသေကောင် စုစုပေါင်း ၃၅၀ ကျော် တွေ့ခဲ့ရပါတယ်။ဘော့ဆွာနာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ဆင်အကောင်ရေ ရာနဲ့ချီ မကြုံစဖူး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ပဟေဠိဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အာဖရိကတောင်ပိုင်းရှိ ဘော့ဆွာနာနိုင်ငံ Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ မေလဆန်းမှစပြီး ဆင်အသေကောင် ၃၅၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာ Niall McCann က ပြောပါတယ်။ ဆင်အများအပြား သေဆုံးနေရတဲ့ အကြောင်းရင်းကို မည်သူမျှ မသိနိုင်သေးဘဲ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုအဖြေရရှိရန်လည်း ရက်သတ္တပတ်များ ကြာမြင့်မှာဖြစ်ကြောင်း ဘော့ဆွာနာအစိုးရက ဆိုပါတယ်။ ဘော့ဆွာနာနိုင်ငံမှာ အာဖရိကရဲ့ လျော့နည်းကျဆင်းနေတဲ့ ဆင်အကောင်ရေ သုံးပုံတစ်ပုံ ကျက်စားနေထိုင်ကြတယ်လို့ သိရပါတယ်။

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ဆင်သေတွေကို မေလအစောပိုင်းမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး အစိုးရထံ အကြောင်းကြားခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် National Park Rescue အဖွဲ့အစည်းမှ ဒေါက်တာ Niall McCann က BBC သတင်းဌာနကို ပြောပါတယ်။ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက Okavango မြစ်ဝကျွန်းပေါ်ဒေသပေါ်မှ လေယာဉ်ဖြင့်ပျံသန်းခဲ့စဉ် ဆင်သေတွေကို တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

“သုံးနာရီကြာ ပျံသန်းခဲ့ကြစဉ်အတွင်း ဆင်အသေကောင် ၁၆၉ ကောင် သူတို့ တွေ့ခဲ့ကြတယ်၊ သုံးနာရီကြာ လေယာဉ်ပျံသန်းမှုမှာ ဆင်အသေကောင် ဒီလောက်အများအပြားကို မြင်တွေ့ရပြီး ရေတွက်လို့ရတာက သာမန်ထက် ထူးခြားနေပါတယ်” လို့ ဒေါက်တာ Niall McCann က ပြောခဲ့ပါတယ်။တစ်လအကြာမှာ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအရ ဆင်အသေကောင် စုစုပေါင်း ၃၅၀ ကျော် ဖြစ်လာခဲ့တယ်” လို့ ဒေါက်တာ Niall McCann က ဖြည့်စွက် ပြောခဲ့ပါတယ်။

“မိုးခေါင်ခြောက်သွေ့မှုနဲ့ ဆက်နွယ်နေတာမျိုး မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုတည်းမှာ ဒီလောက်များပြားတဲ့ ဆင်တွေ သေနေခဲ့တာက လုံးဝကို မကြုံဖူးတဲ့အဖြစ်ပါပဲ” လို့လည်း ၎င်းကဆိုပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News