အမေရိကန်ပြည်နယ် ၃၉ ခုမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေ

ဇူလိုင်လရဲ့ ပထမဆုံး လေးရက်တည်းမှာပင် ပြည်နယ် ၁၅ ခုမှာ COVID-19 ကူးစက်မှုများ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။အမေရိကန်ပြည်နယ် ၃၉ ခုမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေကြောင်းနဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့အားလပ်ရက် ပါတီပွဲတွေက နောက်ထပ် ကူးစက်မှု‌တွေ မြင့်တက်လာစေပြီး ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက စိုးရိမ်ခဲ့ကြပါတယ်။

အမေရိကန်တစ်ဝှမ်း မြို့ကြီးမြို့ငယ်တွေမှာ လူအုပ်စုများ စုဝေးမှုမဖြစ်စေရန် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီးရှူးမီးပန်း ပစ်ဖောက်မှုအစီအစဉ်ကို ဖျက်သိမ်းထားခဲ့ပါတယ်။ အမေရိကန် အများအပြားကတော့ လမ်းမတွေပေါ်မှာနဲ့ ဆင်ခြေဖုံးအရပ်ရှိ မြေကွက်လပ်တွေပေါ်မှာ ၎င်းတို့ကိုယ်ပိုင် အစီအစဉ်ဖြင့် မီးရှူးများပစ်ဖောက်ကာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ဇူလိုင်လရဲ့ ပထမဆုံး လေးရက်တည်းမှာပင် ပြည်နယ် ၁၅ ခုမှာ COVID-19 ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃ သန်းနီးပါးနဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ၄ ရက်မှာ ၃ ရက်ဟာ နေ့စဉ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု ၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဖလော်ရီဒါမှာ နေ့အလိုက် COVID-19 ကူးစက်မှုအသစ်တွေ့ရှိရတဲ့ အရေအတွက်ဟာ ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနှုန်း မြင့်မားနေခဲ့ချိန်ကထက် ပိုများခဲ့တာလည်း ဖြစ်ပါတယ်။

အာရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ အိုင်အိုဝါ၊ အိုဟိုင်းယိုးနဲ့ မီချီဂန် ပြည်နယ်တို့မှာလည်း ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေပေမဲ့ ဖလော်ရီဒါပြည်နယ်ရှိ Clearwater ကမ်းခြေမှာ နေပူစာလှုံသူတွေ စုဝေးရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုကမ်းခြေကို ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့အထိ ဖွင့်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

အာရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာတော့ COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ စုရုံးချီတက်ပွဲတစ်ခုမှာ ပါဝင်ခဲ့သူတွေက mask မတပ်ထားကြသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းလည်း မရှိခဲ့ကြပါဘူး။ အာရီဇိုးနားမှာ ပိတ်ပင်ကန့်သတ်ချက်တွေကို ရုပ်သိမ်းမှုဟာ စောလွန်းခဲ့တယ်လို့ ဖီးနစ်မြို့တော်ဝန် Kate Gallego က ABC သတင်းဌာနကို ပြောပါတယ်။

ဖီးနစ်မြို့မှာ COVID-19 စစ်ဆေးမှု အကျပ်အတည်းဖြစ်နေပြီး စစ်ဆေးခံမယ့်သူတွေဟာ ၎င်းတို့ရဲ့ ကားများအတွင်း ရှစ်နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းဟာ လုံးဝ အန္တရာယ်ကင်းခဲ့တယ်လို့ အထောက်အထား မပါရှိဘဲ ပြောသွားခဲ့ပါတယ်။

အမေရိကန်ပြည်နယ်တွေအနက် လတ်တလောမှာ တက္ကဆက်ပြည်နယ်မှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေပါတယ်။ ဇူလိုင် ၄ ရက်နေ့က တက္ကဆက်ပြည်နယ်မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေ ၇,၈၉၀ အထိ စံချိန်တင် ရှိလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာတော့ ဆေးရုံတက်ရတဲ့ လူနာဦးရေဟာ ၃,၂၄၇ ဦးရှိနေခဲ့ရာ နှစ်ပတ်အတွင်း နှစ်ဆကျော်အထိ တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်ရှိ Austin မြို့ မြို့တော်ဝန်ရဲ့ အဆိုအရ မြို့မှာရှိတဲ့ ဆေးရုံတွေဟာ နှစ်ပတ်အတွင်း လက်ခံနိုင်တဲ့ လူနာအရေအတွက် ပြည့်သွားနိုင်ကြောင်းနဲ့ အထူးကြပ်မတ်ကုသခန်း (Intensive Care Unit – ICU) တွေကတော့ ၁၀ ရက်အတွင်း လူနာပြည့်သွားနိုင်ကြောင်း သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News