မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ပြည့်ကို Tik Tok ပြိုင်ပွဲ ထည့်သွင်းကျင်းပရန် စီစဉ်
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အနေဖြင့် ပြပွဲပြိုင်ပွဲများ ကျင်းပနိုင်ရန် အစီအစဉ်များစွာရှိခဲ့သော်လည်း ကို ဗစ် ၁၉ ဖြစ်နေသည့်ကာလဖြစ်၍ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်ကို ပရိသတ်များ စိတ်ဝင်စားစေရန် Tik Tok ပြိုင်ပွဲထည့်သွင်းကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦး အေးကြူလေးက မြန်မာတိုင်းမ်သို့ ပြောသည်။
“ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် ကော်မတီတွေလည်း အစည်းအဝေးတွေ လုပ်ထားပါတယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်အတွက် လူစုလူဝေးကလည်း လုပ်လို့မရဘူးဖြစ်နေတယ်။ တကယ်တော့ ရုပ်ရှင် နှစ် ၁၀၀ပြည့်အတွက် ကဏ္ဍတွေအများကြီးထည့်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ Tik Tok ပြိုင်ပွဲတစ်ခုကိုပဲ အာရုံရောက်ပြီးတော့ မလုပ်သင့်ဘူးလို့ ဝေဖန်ကြတယ်။လူစုလူဝေးနဲ့ ဖျော်ဖြေရေး ကိစ္စတွေဘာမှကို လုပ်လို့ကိုမရဘူး။လောလောဆယ် တခြားပြိုင်ပွဲတွေလုပ်လို့ မရသေးခင်မှာ Tik Tok လုပ်ရင်ကောင်းမယ်လို့ အကြံပြုခဲ့ကြတယ်”ဟု ၎င်းက ပြောသည်။
”မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ဆိုတဲ့ Title ပေါ်လွင်အောင် Tik Tok ထည့်ဖြစ်တယ်။ ငွေကုန်ကြေးကျလည်း သက်သာမယ်။ လူတိုင်း ပါဝင်လို့ရမယ့်ပြိုင်ပွဲ လုပ်မယ်လို့ ကော်မတီဝင် ၄၀ကျော် ၅၀ က ဆုံးဖြတ်ချက်ချပြီး ကြေညာခဲ့တာပါ။တစ်ယောက်ထဲဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်အတွက် ရာပြည့်မဂ္ဂဇင်းကော်မတီ ၊ မြန်မာ့ရုပ်ရှင်စိန်ရတုသမိုင်းပြုစုရေး စာ အုပ်၊ ရုပ်ရှင်ပဟေဠိပြိုင်ပွဲ ၊ရုပ်ရှင်ဆောင်းပါးပြိုင်ပွဲ စသည့် ဆပ်ကော်မတီ ၁၆ ခုဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲပြုလုပ်ရန် ကော်မတီများ တိုင်ပင်ဆွေးနွေးဆုံးဖြတ်ပြီး ဒိုင်များကို ရွေးချယ်ထားခဲ့ သော်လည်း လက်ရှိတွင် Tik Tok ပြိုင်ပွဲကို ကျင်းပသင့်၊မကျင်းပသင့် အတိအကျမဆုံးဖြတ်ရသေး ကြောင်း သိရသည်။ “တကယ်တမ်း ရုပ်ရှင် နှစ်၁၀၀ပြည့်ပွဲဆိုတာ ရုပ်ရှင်လောကသားတွေပဲ ကျင်းပမယ့် ပွဲလည်း မဟုတ်ပါ ဘူး။ တစ်တိုင်းပြည်လုံးပါဝင် ဆင်နွှဲရမယ့်ပွဲလည်း ဖြစ်တယ်။အကုန်လုံး ပါဝင်စေချင်တာမို့ လူတိုင်းက Tik Tok ကိုယ့်ဟာကိုယ် ရိုက်ပြီး ရုပ်ရှင် ၁၀၀ ဆိုတာကို ဖြစ်အောင် စီစဉ်ဖြစ်တာပါ။ခုလိုကာလမှာ မြန်မာ့ရုပ်ရှင် နှစ်၁၀၀ပြည့်ဘာမှ လုပ်လို့မရချိန်မှာ ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်ကို အာရုံစိုက်အောင်လုပ်တာပါ”ဟု ဦးအေးကြူလေးက ဆက်လက်ပြောသည်။
မြန်မာတိုင်းမ်