ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့်အတွက် နောက်ထပ်မြို့တစ်မြို့ထပ်ပိတ်

ဗီယက်နမ်တွင် နောက်တစ်မြို့ ထပ်ပိတ်
——————–
ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတဲ့အတွက် ဒုတိယမြောက် မြို့တစ်မြို့ကို ထပ်ပြီး အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်ပြီလို့ ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံအလယ်ပိုင်းက ဘန်မီတောက်မြို့ကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဒါလာ့ခ် ပြည်နယ်မြို့တော်လည်းဖြစ်တဲ့ အဲဒီမြို့မှာ ဗိုင်းရပ်စ်အတည်ပြုလူနာ သုံးယောက်တွေ့ရှိခဲ့ပြီးတဲ့နောက် အဲဒီလို ပိတ်ပင်လိုက်တာပါ။ ကူးစက်သူ သုံးယောက်လုံးဟာ ဗိုင်းရပ်စ် ကူးစက်မှုအသစ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ဒါနန်းမြို့နဲ့ ဆက်စပ်နေပါတယ်။

ဘန်မီတောက်မှာ အရေးကြီးတဲ့ပစ္စည်းတွေ ထွက်ဝယ်တာကလွဲလို့ အိမ်ပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။ လူစုလူဝေး မလုပ်ရတော့ပါဘူး။ အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်ပိတ်ထားရပါတယ်။ ပိတ်ပင်မှုက နှစ်ပတ် ကြာမြင့်မှာပါ။

ဟနွိုင်းမြို့မှာလည်း အတည်ပြုလူနာ နှစ်ယောက် ထပ်တွေ့ထားပါတယ်။ အဲဒီ နှစ်ယောက်လုံးလည်း ဒါနန်းမြို့က ပြန်လာကြသူတွေဖြစ်ပါတယ်။
ဗီယက်နမ်မှာ တစ်ပတ်အတွင်း ကူးစက်သူ ၂၀၅ ယောက် တွေ့ရှိခဲ့ပြီး အယောက် ၃၀ က ပြည်ပကနေ ဝင်လာသူတွေပါ။

တခြား ကူးစက်သူတွေထဲမှာ ခြောက်ယောက်ကလွဲလို့ ကျန်တဲ့သူတွေက ဒါနန်းမြို့ နဲ့ ဆက်စပ်နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပထမဆုံးလူနာ သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ယောက် ရှိသွားပြီဖြစ်ပါတယ်။

Source: AP
@One News Myanmar
P&L

Facebook Comments

Burmese Online News