ပထမဆုကို သမီးနဲ့အတူ မိဘတွေကပါ ကူညီရယူပေးခဲ့တဲ့ တစ်နိုင်ငံလုံးအမှတ်အများဆုံး ဆုရှင်

ဒီနှစ် ဆယ်တန်း စာမေးပွဲမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံးနဲ့ ပထမဆုရတဲ့ သမီးလေး မမေသက်ထွန်းရဲ့ အင်တာဗျူး ကြည့်လိုက်ရပါတယ်။ ပထမဆုကို သမီးနဲ့အတူ မိဘတွေကပါ ကူညီရယူပေးတယ် လို့ နားလည်ပါတယ်။ငွေရေး ကြေးရေး ပစ္စည်းဥစ္စာထက် ပညာနဲ့ စာပေကို အလေးထားတဲ့ မိဘတွေပါပဲ။ လေးစား အားကျစရာပါ။

အထူးသဖြင့် အဖေ ဖြစ်သူဟာ သူကိုယ်တိုင် ၉ တန်း၊ ၁၀ တန်းစာတွေ ပြန်လေ့လာပြီး ဂိုဒ် (Guide) မငှားဘဲ ကိုယ်တိုင်သင်တယ် လို့ပြောတော့ တော်တော် ကရိကထ ခံပြီး ပံ့ပိုးပေးပါလား လို့ လေးစားမိပါတယ်။ အဲ့ဒီလောက် ကရိကထခံတဲ့ မိဘမျိုးက ရှိတော့ ရှိတယ် ရှားမယ်ထင်ပါတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာဟာ ၁၀ တန်းမှာ ဂုဏ်ထူးထွက်ဖို့ ခက်တတ်လို့ ငယ်စဉ်ကတည်းက ကျောင်းစာအပြင် တခြား စာကောင်းပေမွန် ဖတ်စေတဲ့ အလေ့အကျင့်နဲ့ နှစ်ပေါင်းများစွာ ရည်မှန်းချက်နဲ့ ပြုစုပျိုးထောင်ခဲ့ပါသတဲ့။

အမေဖြစ်သူကလည်း အပြင်စာတွေ မစားစေဘဲ အာဟာရပြည့်ဝအောင် ချက်ပြုတ်ကျွေးမွေးပြီး ကျောင်းစာအပြင် ရေကူးတာ၊ ကြက်တောင်ရိုက်တာ၊ စက်ဘီးစီးတာ၊ သီချင်းနားထောင်တာတွေကို ခွင့်ပြုပေးခဲ့ပါသတဲ့။ ကျွန်တော် မှတ်မိသလောက် နာမည်ကြီး စာရေးဆရာမ ဆရာဝန် ဂျူး က အင်တာဗျူးတစ်ခုမှာ သူ စာရေးဆရာ ဖြစ်လာတာရော ဆရာဝန်ဖြစ်လာတာရော သူ့အမေ ကြောင့်ပါလို့ ပြောဖူးပါတယ်။ ဆရာမ ဂျူး ကျောင်းသူဘဝ ညဘက် စာကြည့်တဲ့ အချိန်တွေဆို သူ့အမေက ထိုင်စောင့်နေပြီး အိပ်ငိုက်တာမြင်ရင် ” သမီးလေး မျက်နှာ သွားသစ် မေမေ သနပ်ခါးကလေးသွေးပေးမယ် လိမ်းလိုက်ပါလား” ၊ ” မေမေ ကော်ဖီကလေး ဖျော်ပေးမယ် သောက်လိုက်ပါကွယ် ” ၊ “မေမေ လက်ဖက်ကလေး သုပ်ပေးမယ် ” ဆိုပြီး သူပါ မအိပ်ဘဲ ကရိကထ ခံပြီး ပံ့ပိုးခဲ့တယ်။ ဆရာမဂျူး အသက် ၉ နှစ် လောက်မှာ မောင်နှမတွေ အချင်းချင်း စကားပြော ယဉ်ကျေးအောင်ဆိုပြီး ဓူဝံ ရဲ့ မာလာ ဆိုတဲ့ ဝတ္ထုကို ရွေးချယ် ဖတ်စေခဲ့တယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အသက် ၁၃ နှစ်လောက်မှာ ဂန္ဓဝင်စာပေတွေ ဖတ်ဖူးနေတဲ့ အထိ မိခင် ဒေါ်ခင်ကြည်က နိုင်ငံတော် တာဝန်တွေ တစ်ဖက်တစ်လမ်းက ထမ်းဆောင်ရင်း ပြုစု ပျိုးထောင်ပေးနိုင်ခဲ့တယ်။ မနေ့က ကျွန်တော့်သူငယ်ချင်းက သူ့သားလေးအကြောင်းပြောရင်း မိဘတွေ အသက်ကြီးလာရင် သားသမီးတွေက ပြန်လည် ကြည့်ရှု ထောက်ပံ့ရမယ် ဆိုတာ သူလက်မခံဘူးတဲ့။ သူက အခုကတည်းက သူ့သားလေးကိုလည်း အရွယ်ရောက်တဲ့အထိ တာဝန်ကျေအောင် ပံ့ပိုးမှာ ဖြစ်သလို သူအသက်ကြီးလာရင်လည်း သူ့သားလေးက သူ့ကို ပြန်ကြည့်စရာ မလိုအောင် နေပါမယ်တဲ့။ သူငယ်ချင်းရဲ့ မိဘမေတ္တာပါ။ မေတ္တာမှန်ရင် ဘာအကျိုးမှကို မလိုဘူးဆိုတဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ စကားလုံးတွေကို သတိရမိပါတယ်။

မိဘတိုင်း သားသမီးကို ချစ်ကြပေမယ့် အချစ်ကြီးမားပုံ မတူသလို ပြုစုပျိုးထောင်ပုံလည်း မတူကြပါ။ ကရိကထ ခံနိုင်ရည်အားလည်း ကွာပါတယ်။ သားသမီးတိုင်း မိဘရ ကံကောင်းကြစေချင်ပါတယ်။

From Aries TO’s FB

Facebook Comments

Burmese Online News