နေခြည်ဦးရဲ့ အလှူငွေလက်မခံတဲ့ Rescue Task Force အဖွဲ့
ဆန္ဒပြသည့် ပြည်သူများ ကို အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ပါက ရှေ့တန်းမှ ကာကွယ်ပေးနေသော Rescue Task Force အဖွဲ့သို့ သရုပ်ဆောင် နေခြည်ဦးက အလှူငွေလှူဒါန်းမှုကို လက်မခံဘဲ ပြန်လွှဲပေးခဲ့ ကြောင်း ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ် ၌ ကြေညာထားသည်။
လက်ရှိ အခြေအနေအရ အဖွဲ့ဝင် များပြားလာသော ကြောင့် လိုအပ်သည့် ယူနီဖောင်း နှင့် အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန် Rescue Task Force အဖွဲ့က အလှူရှင်များ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် နေခြည်ဦးက အလှူငွေငါးသိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လှူဒါန်းသည့် အပေါ် စစ်တပ်အသိုင်းအဝိုင်း နှင့် ဆက်စပ်နေသူတစ်ဦးဖြစ်၍ Social Punishment ပြုလုပ်သည့်အနေဖြင့် နေခြည်ဦး၏ အလှူငွေကို လက်မခံသင့်ကြောင်း ထောက်ပြဝေဖန်မှုများရှိသဖြင့် နေခြည်ဦး၏ အလှူငွေကို ပြန်လွှဲပေးခဲ့ ကြောင်း ယင်းအဖွဲ့က မှတ်ချက်များ ပြန်လည်ရေးသားထားသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရေးသားထားသည့် ပို့စ်ကို မတ်လ ၁ ရက် ညနေ ၅ နာရီကျော်တွင် Rescue Task Force အဖွဲ့၏ ဖေ့စ်ဘွတ်ခ်မှ ပြန်ဖျက်သွားသည်ကို တွေ့ရသည်။သရုပ်ဆောင် နေခြည်ဦး မိသားစုပိုင် စိမ်းလဲ့တင်နှင့် နေခြည်ဦး၏ Beautybynaychi လုပ်ငန်းများသည် စစ်တပ်ပိုင် လုပ်ငန်းများတွင် ပါဝင်ကြောင်း UN က ထုတ်ပြန်ထားသည်။