“မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ သက်သေပြလိုက်တဲ့ အထည်ချုပ် အလုပ်သမ တစ်ဖြစ်လဲ စက်ရုံပိုင်ရှင် မယဉ်ယဉ်မိုး”

ဒီတစ်ပတ်မှာတော့ အောက်ခြေအဆင့်အထည်ချုပ်စက်ရုံအလုပ်သမလေး ဘ၀ ကနေ စက်ရုံပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ နှင်းရွှေကြာအထည်ချုပ်စက်ရုံပိုင်ရှင် မယဉ်ယဉ်မိုးအကြောင်း ရေကြည်ရာက တင်ဆက် ပေးထားပါတယ်။

“မယဉ်ယဉ်မိုးရဲ့ ငယ်ဘ၀ ဖြတ်သန်းခဲ့ရပုံ”

အမက အိမ်မှာ အကြီးဆုံးသမီးဆိုတော့ ငယ်ငယ်ကတည်းက အဖေအမေတွေ လုပ်တဲ့ အလုပ်တွေကို ၀င်ဝင်ပြီး ကူလုပ်ပေးတဲ့ အကျင့်ရှိခဲ့တယ်။

အမ ရှစ်တန်းနှစ်လောက်မှာ အမေက အိမ်မှာ ခြေနင်းနင်းရတဲ့ အပ်ချုပ်စက် ကလေးဖွင့်ပြီး သူများ အပ်တဲ့ ခေါင်းအုံးစွပ်လေးတွေကို အခကြေးငွေနဲ့ ယူချုပ်ပေးရတယ်။

အဲ့တုန်းကတည်းက အမက အမေ့ရဲ့ စက်ပေါ် တက်တက်နင်းပြီး စက်နင်းတာလေ့ကျင့်ခဲ့တာ။ အမေက အစပိုင်းမှာ အမ စက်ပဲချုပ်နေမှာ စိုးလို့ အမကို စက်ချုပ်တာ လုံးဝ သင်မပေးဘူး။

စာပဲ ကျက်စေချင်ခဲ့တာ။ ဒါပေမယ့် အမက ကိုယ့်ဟာကိုယ်တက်နင်းရင်း နင်းရင်းနဲ့ တတ်သွားတော့မှ အမေ သမီးဒါလေး ကူချုပ်ပေးမယ်နော်ဆိုပြီး အမေ့ကို အတင်း ၀င်ကူညီပြီး စက်ကူချုပ်ပေးခဲ့တာ။ တစ်ဖက်ကလည်း ကျောင်းတက်

တဖက်မှာလည်း ကျောင်းပိတ်တဲ့အချိန်တွေ အမေ့ကို ကူလုပ်ပေးရင်း ကြီးပြင်းခဲ့တာပေါ့။
“အထည်ချုပ် အလုပ်သင်အဖြစ် အလုပ်ဝင်ခဲ့ပုံ”အမ ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန်ကျောင်းတွေ ပိတ်ထားတော့ အိမ်မှာ အလကားအချိန်မကုန်ချင်ဘူး။

တစ်ဖက်တစ်လမ်းက ကိုယ်ပိုင် ၀င်ငွေလေးလည်း ရှာချင်တယ်။ အဲ့တော့ အထည်ချုပ်စက်ရုံတစ်ခုမှာ အမ အလုပ်သင်လေးအနေနဲ့ ပထမဆုံးသွားဝင်လုပ်တယ်။

အမက အစတည်းက ခြေနင်းစက်က ချုပ်တတ်နေတဲ့ အခါကျတော့ စက်ရုံမှာ မော်တာနဲ့ စနစ်တကျနင်းတတ်အောင်ပဲ သင်ရတာ့တယ်။ အမ မော်တာနင်းတာကို တစ်ပတ်လောက်သင်ခဲ့ရတယ်။

မော်တာကောင်းကောင်းနင်းတတ်သွားတဲ့အခါကျတော့ အမရဲ့ ဆရာမက အမကို တခြားဝန်ထမ်းသစ်တွေ မော်တာနင်းတတ်အောင် ပြန်သင်ပေးခိုင်းတယ်။

အဲ့တော့ စက်ရုံမှာ ၀င်ပြီး တစ်ပတ်လောက်အကြာမှာ အမ မော်တာနင်း ပြန်သင်ပေးရတဲ့ လိုင်းခေါင်းဆောင်လေး တစ်ယောက်ဖြစ်လာခဲ့တယ်။

နောက်ပိုင်းမှာ ရှပ်အကျီင်္တွေရဲ့ ကြယ်သီးတပ်တဲ့ လက်ခေါက်နားလေးတွေ ချုပ်ရတဲ့ ဌာနမှာ အမ တာဝန်ယူခဲ့ရတယ်။

အဲ့ဒီ စက်ရုံမှာ နှစ်နှစ် လုပ်ခဲ့ပြီးတဲ့အချိန်မှာ ဆယ်တန်းအောင် စာရင်းတွေ ထွက်တယ်။ အမ နှစ်ချင်းပေါက်ဆယ်တန်းအောင်ခဲ့တယ်။

အဲ့ဒီအချိန်မှာ အဖေက အမကို တက္ကသိုလ်တက်စေချင်လို့ အမ အလုပ်ခဏထွက်ပြီး တက္ကသိုလ်မှာ Day ကျောင်းသူ အဖြစ် နှစ်နှစ် တက်ခဲ့ပါတယ်။

တတိယနှစ် မှာတော့ အဝေးသင်ပြန်ပြောင်းပြီး ဒုတိယအထည်ချုပ်စက်ရုံထဲ ၀င်ဖြစ်ခဲ့တယ်။
“အလုပ်သင် ဘ၀ကနေ စူပါဗိုက်ဆာအဖြစ်သို့”ဒုတိယစက်ရုံဝင်တဲ့အခါကျတော့ အရင်အထည်ချုပ်စက်ရုံမှာ လိုင်းခေါင်းဆောင်အဖြစ် အတွေ့အကြုံကောင်းကောင်းရှိခဲ့တော့ အမ စူပါဗိုက်ဆာ ရာထူးတန်းလျောက်တယ်။

သူဌေးက အမကို တတိယနှစ်အဝေးသင်လည်း ဆက်တက်ခွင့်ပေးခဲ့တယ်။ အဲ့တော့ ပရက်တီကယ်ရှိတဲ့ နှစ်ရက်ကို မနက်ပိုင်း ခဏကျောင်း သွား ၊ နေ့လည်စက်ရုံပြန်ဝင်ပေါ့။

အဲ့မှာ လုပ်နေရင်းနဲ့ စက်ရုံပိုင်ရှင် သူဌေးနှစ်ယောက် ပိုင်ဆိုင်မှုခွဲ့တဲ့ အခါကျတော့ တတိယစက်ရုံပိုင်ရှင် သူဌေးမက အမကို သူ့စက်ရုံမှာ လိုက်လုပ်ဖို့ ခေါ်တယ်။

သူတို့ စက်ရုံက အထည်ချုပ်တဲ့ စက်တွေ ရောင်းပေးမယ့် ကုမ္မဏီတဲ့။ အဲ့အချိန်မှာ အမက ဘွဲ့လည်း ရတော့မယ်။ ကွန်ပျူတာတို့ အင်္ဂလိပ်စာတို့လည်း ရတယ်။

စက်လည်း ကောင်းကောင်းချုပ်တတ်တယ်။ စက်အကြောင်းတွေလည်း နားလည်တယ်။ အလုပ်ထဲမှာလည်း အပေါ်ပိုင်းရော အောက်ပိုင်းနဲ့ရော မတည့်တဲ့လူမရှိဘူး။

ဖောက်သည်တွေနဲ့လည်း ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ အခါကျတော့ စက်ရုံအသစ်အတွက်လိုတဲ့ အရည်အချင်းတွေ အမမှာ ရှိနေတယ်ပေါ့နော်။

အဲ့ဒါကြောင့် သူတို့က အမကို လစာလည်း မြှင့်ပေးမယ်။ ရာထူးကြီးကြီးလည်းပေးမယ်ဆိုပြီးခေါ်ပါတယ်။ အဲ့ဒါနဲ့ တတိယစက်ရုံမှာ အမ အလုပ်လုပ်ဖြစ်တယ်။

အဲ့ဒီအချိန်မှာ စူပါဗိုက်ဆာကနေ မန်နေဂျာရာထူးကို အမရခဲ့ပါတယ်။

“အဆင့်ဆင့်ကြိုးစားခဲ့ရပုံ”

အမက ကိုယ်ကျတဲ့နေရာမှာ အကောင်းဆုံးလေ့လာတယ်။ မသိရင်မေးတယ်။ မတတ်ရင်တတ်အောင်သင်ယူတယ်ပေါ့နော်။ နောက်ပြီး လူတိုင်းနဲ့ တည့်အောင် ပေါင်းတယ်။

နောက်တစ်ခုက အသက်မွေးပညာတင်မကဘူး။ အမ ကျောင်းပညာရေးကိုပါ ဆုံးခန်းတိုင်အောင် ကြိုးစားတယ်။ အလုပ်တစ်ဖက်နဲ့ အင်္ဂလိပ်စာသင်တန်းတွေ၊ ကွန်ပျူတာ သင်တန်းတွေ ပြေးတက်တယ်။

နိုင်ငံခြားသားတွေ့ရင် အမ တတ်တဲ့ အင်္ဂလိပ်စာလုံးလေးတွေ တစ်လုံးဖြစ်ဖြစ် နှစ်လုံးဖြစ်ဖြစ် ရအောင်ကို အမလိုက်ပြောတယ်။

စကားလုံး အသစ်အဆန်းလေးတွေကို စာအုပ်ထဲမှာ မှတ်တယ်။ အလွတ်ကျက်တယ်။ အင်္ဂလိပ်စကားပြောစာအုပ်တွေ ဖတ်တယ်။ လိုက်ကျင့်ကြည့်တယ်။

ညပိုင်းအလုပ်ဆင်းတဲကအချိန်လေးမှာ ရပ်ကွက်ထဲက အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာဆီ ပြေးတက်သေးတယ်။ နောက်ပြီး အလုပ်လုပ်ရင် မဖြစ်မနေ လိုအပ်တဲ့ ကွန်ပျူတာ၊ အင်တာနက်တို့။

နောက်ပြီး မိုက်ခရိုဆော့ဆော့ဝဲတွေ၊ ရုံးပိုင်းသုံးရတဲ့ Excel တွေ ရအောင်အမ ကြိုးစားတယ်။ အမ ပင်ပန်းပေမယ့် လေ့လာနေရရင်ကို ပျော်နေခဲ့ပါတယ်။

“စက်ရုံမန်နေဂျာကနေ ပိုင်ရှင်ဖြစ်လာပုံ”

အမရဲ့ တတိယစက်ရုံကအကြွေးနဲ့ အပ်ချုပ်စက်တွေရောင်းပေးတယ်။ အသေးစား အထည်ချုပ်လုပ်ချင်တဲ့ လူတိုင်းကို အကြွေူးနဲ့ရောင်းပေးတာ။

စက်ရုံက အပ်တဲ့ အော်ဒါထည်လေးတွေ ချုပ်ပေးရတယ်။ အော်ဒါချုပ်ခ ရမယ့်ပိုက်ဆံနဲ့ စက်ဖိုးတွေ ပြန်နှိမ်ယူတာပေါ့။ အဲ့ဒီအချိန်မှာ အမ စက်အလုံး၂၀ အကြွေးနဲ့ ယူပြီး ကိုယ်ပိုင် စက်ရုံအသေးလေး စထောင်တယ်။

အော်ဒါချုပ်ပေးပြီး အကြွေးတွေ ခုနှိမ်ဆပ်တယ်။ ပထမ အလုံး၂၀ အကြွေးကျေသွားတော့ နောက်ထပ် စက်တွေ ထပ်ဝယ်တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ လုပ်ငန်းချဲ့နိုင်ခဲ့တာပါ။

အမ ပြောချင်တာကတော့ ဘာမဆို ကြိုးစားချင်စိတ်သာအဓိကပါ။ ကိုယ်လုပ်မယ့် အလုပ်ကို ကျွမ်းကျင်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။

အဲ့တော့ ကိုယ်တကယ် လုပ်ချင်တဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်အောင် ပထမဆုံး သင်ယူကြပါလို့။

Facebook Comments