အလုပ်ထုတ်ခံရမည်ကို ကြောက်သဖြင့် (၄)နှစ် အရွယ်ကလေးငယ်အား လူသတ်မှုကျူး လွန်

Last modified date

အမှုမှာ ၂၂-၉-၂၀၁၉ ရက်နေ့ ၁၃း၃၀ အချိန် တရားလို ဒေါ်—– သည် နေအိမ်၌ မီးပူတိုက်နေစဉ် သားဖြစ်သူ အာကာကျော် သည် ၎င်း၏ဘေးတွင်ကစားနေရာမှ နေအိမ်အောက်သို့ဆင်းသွားပြီး မိနစ်(၂၀) ခန့်ကြာသည်အထိ ပြန်မလာသဖြင့် အိမ်နီးချင်းများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ သားဖြစ်သူမှာ ”ကောင်းမှ ကောင်း” အသားတုစက်ရုံနောက်ဘက်ရှိခြုံထဲတွင် အနီရောင်ပလပ်စတစ်ကြိုးဖြင့် လက်နောက်ပြန်တုပ်လျက် လည်ပင်း၌ အနီရောင်ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်ထားကာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သားဖြစ်သူ အာကာကျော်အား အသက်သေဆုံးအောင်ပြုလုပ်သူအပေါ် အရေးယူပေးရန် ရွှေပေါက္ကံ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

Image may contain: one or more people and text

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များ၊ ရွှေပေါက္ကံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်ရပ်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ နေဝင်းအောင် ဖြစ်ကြောင်းသိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၂၄-၉-၂၀၁၉ ရက်နေ့ ၀၀၄၅ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ နဂါးတည်းခိုခန်း၌ တွေ့ရှိ၍ အမှုဖြင့် ဖမ်းဆီးခဲ့ပါသည်။

ဖမ်းဆီးရမိသူ နေဝင်းအောင် အား အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ရွှေပေါက္ကံမြို့သစ်ရှိ သံဒယ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ရာ အလုပ်သမားခေါင်းဆောင်၏ သားဖြစ်သူ အာကာကျော် (၄)နှစ် နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ၂၂-၉-၂၀၁၉ ရက်နေ့ ၁၂၃၀ အချိန်တွင် တစ်ဦးတည်းဂိမ်းကစားနေစဉ် အာကာကျော် ရောက်ရှိလာပြီး “ငါးကြည့်ချင်သည်” ဟုပြောသဖြင့် ကောင်းမှကောင်း စက်ရုံအနောက်ဘက် ရေမြောင်းသို့ လိုက်ပို့ပေးခဲ့ကြောင်း၊ ၎င်းနောက် အာကာကျော်မှ အသီးခူးဦးမည် ပြောသဖြင့် ရေမြောင်း တစ်ဖက်ရှိ ဇီးပင်သို့ထပ်မံပို့ပေးခဲ့ကြောင်း၊ ဇီးပင်တွင် ဇီးသီးများမရှိသဖြင့် ၎င်းမှပြန်မည်ဟုပြောခဲ့ကြောင်း၊ အာကာကျော်မှ မပြန်ချင်သေး ကြောင်းပြောသဖြင့် ၎င်းမှ အာကာကျော်၏ ပခုံးအား တွန်းခဲ့ကြောင်း၊ ထိုသို့ ပခုံးတွန်းသည်ကို အာကာကျော်မှ မကျေမနပ်ဖြစ်ကာ ဆဲဆို၍ခြေထောက်နှင့်ကန်ခဲ့ပြီး အဖေဖြစ်သူနှင့် တိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ၎င်းမှအလုပ်ထုတ်ခံရမည်ကို ကြောက်သဖြင့် “မင်း တိုင်ရဲ တိုင်ကြည့် တိုင်ရင်သတ်ပစ်မည်” ဟု ပြောကာ အာကာကျော်၏ လည်ပင်းအား ညှစ်ခဲ့ကြောင်း၊ (၁)မိနစ်ခန့် လည်ပင်း အားညှစ်ပြီး လွှတ်လိုက်ရာ အာကာကျော်မှာ မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားပြီး မလှုပ်တော့သဖြင့် အနီးတွင်ရှိသော ပလပ်စတစ်ကြိုးဖြင့် လည်ပင်း၊ လက်တို့အား ချည်နှောင်၍ သတ်ခဲ့ကြောင်း အစစ်ခံ ထွက်ဆိုခဲ့ပါသည်။စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ နေဝင်းအောင် အား ဥပဒေနှင့်အညီ အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit-အကုန်သိ

Facebook Comments

Admin