မင်္ဂလာဒုံဥယျာဉ်မြို့တော်သည် ၎င်း၏အုပ်ချုပ်မှုအောက်တွင်သာရှိနေကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေပြော

Last modified date

မင်္ဂလာဒုံဥယျာဉ်မြို့တော်သည် ၄င်း၏အုပ်ချုပ်မှုအောက်တွင်သာရှိနေကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ဇေကမ္ဘာဝန်းအတွင်းရှိ လမ်းတချို့ခေတ္တပိတ်ထားခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေထံလာရောက်တွေ့ဆုံပြီး အဆိုပါလမ်းများပြန်လည်ဖွင့်လှစ်ပေးရေး တွေ့ဆုံညှိနှိုင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ အန်ကယ်ကမြို့တော်ဝန်ဆိုပြီး သား အိမ်ကိုလာပြီးချယ်လှယ်လို့ရမလား။ မရနိုင်ဘူး။” ဟု ဇေကမ္ဘာဦးခင်ရွှေ ဥပမာပေး ပြောဆို 

“အန်ကယ့်စက်မှုဇုန်မှာကတော့ အိမ်တစ်အိမ်မှာ ဥပမာ-သားအိမ်မှာ အန်ကယ်ကမြို့တော်ဝန်ဆိုပြီး သားအိမ်ကိုလာပြီး ခြယ်လှယ်လို့ရမလား။ မရနိုင်ဘူး။ ဒီမင်္ဂလာဒုံဥယျာဉ်မြို့တော်ဆိုတာ အန်ကယ်အုပ်ချုပ်မှုအောက်မှာ ဖြစ်နေတယ်။ ဘာလို့ဆိုတော့ ကောင်းမွေဆိုးမွေဆိုတာ အန်ကယ်ပေါ်မှာပဲ။ ပျက်သွားရင်လည်း အန်ကယ်ပဲ နာမည်ပျက်မယ်။ ဒါကြောင့် ဘယ်သူပါဝါရှိတယ်၊ မရှိတယ်ထက် ဘယ်သူပိုင်တယ်၊ မပိုင်ဘူးဆိုတဲ့ပေါ်မှာပဲ မူတည်တယ်။ ဘယ်သူက ပိုပိုင်သလဲ။ ဘယ်သူက လုပ်ပိုင်ခွင့်ရှိသလဲ။ အန်ကယ်ဥစ္စာက ဥယျာဉ်မြို့တော်ကြီး။ ဥယျာဉ်မြို့တော်ကြီးမှာ ဒီလိုရှိတယ်။ အဲဒီတော့ တရားတဲ့ဘက်က နိုင်တယ်။ မတရားရင် မနိုင်ဘူး” ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

ဇေကမ္ဘာဝင်းအတွင်း ဖြတ်သန်းသွားလာနေသည့်ကားများကို ဖြတ်သန်းခကောက်ခံခြင်းမပြုရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း တားမြစ်လိုက်ပြီးနောက် အဆိုပါဝင်းအတွင်းရှိလမ်းများကို ကုမ္ပဏီဘက်က ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှ စတင်၍ အသုံးပြုခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သောစက်တင်ဘာ ၁၄ ရက်၌ ဇေကမ္ဘာဝင်းအတွင်းရှိ ပိတ်ထားသည့်လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုမြို့တော်ဝန် ဦးစိုးလွင်၊ မင်္ဂလာဒုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေနှင့်ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

Credit-အကုန်သိ

Facebook Comments

Admin