ဖောက်စွပ်ကားများ စလစ်ထုတ်ပေးမည်ဆိုခြင်းကြောင့် စလစ်ဈေးထိုးကျ

Last modified date

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိမ်းဆည်းထားသော အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသည့် Body Coach (ဖောက်စွပ်/ ဖြတ် ဆက်) ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုလိုက်ခြင်းကြောင့် စလစ်ဈေးနှုန်း ထိုးကျသွားကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါယာဉ်များကို နှစ် ၂၀ စလစ်များအဖြစ် ထုတ်ပေးမည်ဖြစ်ခြင်းကြောင့် နှစ် ၂၀ စလစ်ဈေးနှုန်းများ အဓိက ကျဆင်းပြီး ယခင်ကထက် နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၁၀ သိန်းခန့်နှင့် နှစ် ၂၀ အပ်ကားတစ်စီးလျှင် ၈ သိန်းခန့်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။“ဈေးက ထပ်ကျနိုင်တယ်။ ဒါပေမဲ့ (ကျပ်သိန်း)တစ်ရာအောက်တော့ မကျနိုင်ဘူး။ တစ်ရာအပေါ်မှာပဲ ရှိနေနိုင်တယ်”ဟု စလစ်ဝယ်ရောင်း ကိုမောင်မောင်ဇော်က ပြောကြားသည်။

ထို့ပြင် တိုက်ကြေစလစ်နှင့် ကားဈေးနှုန်းများသည်လည်း လိုက်ပါကျဆင်းပြီး တိုက်ကြေအမည်ပေါက်စလစ် တစ်စောင်လျှင် ယခင်ကထက် ကျပ် ၅ သိန်းခန့်နှင့် အပ်ကားတစ်စီးလျှင် ကျပ် ၃ သိန်းခန့်ကျဆင်းသွားကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိကညနတွင် ဖောက်စွပ်ကားအဖြစ် သိမ်းဆည်းထားသည့် ယာဉ်အစီးရေ ၄၀၀ ခန့်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။လက်ရှိစလစ်ဈေးကွက်အတွင်း နှစ် ၂၀ ယာဉ်အိုယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သိန်း ၁၂၀ ခန့်၊ နှစ် ၂၀ အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၃၀ ခန့်၊ တိုက်ကြေအပ်ကားတစ်စီးလျှင် ကျပ် ၈၂ သိန်းခန့်နှင့် တိုက်ကြေအမည်ပေါက်စလစ် တစ်စောင်လျှင် ကျပ် ၁၂၀ သိန်းခန့်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

Credit-The Voice

Facebook Comments

Admin