သရုပ်ဆောင်ခင်ဝင့်ဝါက ဖေ့(စ်)ဘုတ်အကောင့်ပိုင်ရှင် ၂ ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်
သရုပ်ဆောင်ခင်ဝင့်ဝါက ဖေ့(စ်)ဘုတ်အကောင့်ပိုင်ရှင် ၂ ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ဖေ့(စ်)ဘုတ်ပေါ်တွင် ၎င်း၏ဓာတ်ပုံနှင့် အဆိုတော်ဟန်နေတာ၏ဓာတ်ပုံတို့အား အသုံးပြု၍ “နာရီပိုင်ရှင် ဘယ်သူလဲ” စသဖြင့် မဟုတ်မမှန်ပို့စ်တင်ရေးသားခဲ့သည့် Pyae Phyo Hein (Account) ပိုင်ရှင်နှင့် Zaw Zaw Maung(Account)ပိုင်ရှင်တို့ကို သရုပ်ဆောင်ခင်ဝင့်ဝါ(ခ)မချောစုလှိုင်(ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ )က ဆက်သွယ်ရေးပုဒ်မဖြင့် အောက်တိုဘာလ ၃ ရက်တွင် တရားလိုအဖြစ် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဆက်သွယ်ရေးပုဒ်မနဲ့ အကောင့် ၂ ခုကို အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ အခုချိန်မှာ ပြောလို့မရသေးပါဘူး” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းအတွက်ကြောင့် အသေရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ပို့စ်တင်ရေးသားခဲ့သည့် Pyae Phyo Hein (Account) (စုံစမ်းဆဲ) ပိုင်ရှင်ဖြစ်သူနှင့် Zaw Zaw Maung (account) ပိုင်ရှင်ဖြစ်သူတို့ကို တိုင်ကြားချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ (ပ)၂၄၇၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Credit-အကုန်သိ