အောင်ဆန်းရှင်ရုပ်ရှင်ကို မြန်မာ့စံချိန်စံညွှန်းဖြင့်ရိုက်ကူးခြင်းကြောင့် အနည်းငယ်အမှားအယွင်းရှိနိုင်ကြောင်း ဗေလုဝ ပြော

Last modified date

အောင်ဆန်းရှင်ရုပ်ကို မြန်မာ့စံချိန်စံညွှန်းဖြင့် ရိုက်ကူးခြင်းကြောင့် အနည်းငယ်အမှားအယွင်းရှိနိုင်ပြီး လူထုအနေဖြင့် ဝေဖန်ပိုင်ခွင့်ရှိကြောင်း သရုပ်ဆောင်ဗေလုဝက ပြောသည်။အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုနှင့်ပတ်သက်၍ ပြည်သူလူထုအကြား ပြောဆိုဝေဖန်မှုများထွက်ပေါ်နေသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

Related image

“ဒီဟာမျိုးကလည်း ခက်တာကကားကမပြီးသေးတော့ဘာမှဝေဖန်စရာမရှိသေးပါဘူး။ အဖြူအမဲ မသဲကွဲသေးတဲ့ ကာလဆိုတော့လေ။ တစ်ခါတစ်လေကျတော့လည်း လစ်ဟင်းတာလေးတွေတော့ရှိတယ်။ အချိန်မှားနေတာတွေ၊ လွဲမှားနေတဲ့ပစ္စည်းကိရိယာတွေရှိတယ်။ အဲဒါတွေက နောက်ပိုင်းအဆင်ပြေသွားပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းနည်းပါးပါးတော့ အမှားအယွင်းလေးတွေ ရှိတာပေါ့ဗျာ။ ဒါက ကျွန်တော်တို့မြန်မာ့စံချိန်စံညွှန်းနဲ့ ရိုက်ကြတာကိုး။ အဲဒီလောက်လေးကတော့ ရှိပါလိမ့်မယ်။ လူထုအနေနဲ့အမြင်မတော်တာလေးတွေကို သူတို့အနေနဲ့ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ တစ်ဖက်ကလည်း လုပ်ရတဲ့အပေါ်မှာ အခက်အခဲတွေရှိပါတယ်။ ဒါဟာ ရုပ်ရှင်သမားတော်တော်များများသိကြမှာပါ” ဟု သရုပ်ဆောင်ဗေလုဝက ပြောသည်။

အောင်ဆန်းရုပ်ရှင်၏ ဒုတိယမြောက်ရိုက်ကူးရေးနေ့အဖြစ် အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးခဲ့ပြီး ယင်းရိုက်ကူးမှုဇာတ်ဝင်ခန်းဓာတ်ပုံများအပေါ် ပြည်သူလူထုက ပြောဆိုဝေဖန်ခဲ့ကြသည်။

အဆိုပါအောင်ဆန်းရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်လူမင်းက ဒါရိုက်တာအဖြစ်ရိုက်ကူးမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဇာခြည်လင်း၊ ဂဠုန်ဦးစော အဖြစ် သရုပ်ဆောင်ဇော်ဇော်ပိုင်၊ ဗိုလ်ချုပ်၏အဘိုးဖြစ်သူ ဗိုလ်မင်းရောင်အဖြစ် သရုပ်ဆောင်လူမင်း၊ ဒေါက်တာဘမော်အဖြစ် သရုပ်ဆောင်ရန်အောင်၊ သခင်မြအဖြစ် သရုပ်ဆောင်ရဲအောင်၊ မန်းဘခိုင်အဖြစ် သရုပ်ဆောင် မင်းဦး၊ ဗိုလ်ချုပ်နေဝင်းအဖြစ် သရုပ်ဆောင်နိုင်းနိုင်း၊ မာရီလှတောအဖြစ် သရုပ်ဆောင်မိုးဟေကို၊ သခင်ဗဟိန်း အဖြစ် ဒါရိုက်တာညိုမင်းလွင်၊ သခင်သိန်းဖေမြင့်အဖြစ် သရုပ်ဆောင်ကျော်ကျော်၊ သခင်နုအဖြစ် သရုပ်ဆောင် အောင်မော်ထွန်းတို့က ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

အောင်ဆန်းရုပ်ရှင်ဇာတ်ကားကို ငွေကျပ်သိန်းတစ်သောင်းခွဲကျော် အကုန်ချခံရိုက်ကူးသွားမည်ဖြစ်ပြီး ဇာတ်ဝင်ခန်းအချို့ကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ရန်ကုန်အမျိုးသားပြတိုက်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး၊ အင်းဝနှင့်နတ်မောက်မြို့တို့တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments

Admin