ပျောက်ဆုံးနေသော ကလေးတက္ကသိုလ် ကျောင်းသူ၏ အမှုကို ကလေးမြို့ မြို့မရဲစခန်းတွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်

Last modified date

ပျောက်ဆုံးနေသော ကလေးတက္ကသိုလ် ကျောင်းသူအမှုကို ကလေးမြို့ မြို့မရဲစခန်းတွင် လူသတ်မှုအဖြစ် ပြောင်းလဲပြီး အမှုဖွင့် ဆောင်ရွက်နေသည်ဟု ကလေးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။

Image result for ပျောက်ဆုံးနေသော ကလေးတက္ကသိုလ် ကျောင်းသူ၏ အမှုကို ကလေးမြို့ မြို့မရဲစခန်းတွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်

“အောင်သစ္စာရပ်ကွက် ပိတောက်လမ်း နယ်မြေ ၅ မှာနေတဲ့ အဖဦးမောင်မောင်ရဲ့သမီး မအေးချမ်းမွန် (ခ) ချမ်းမွန်ဟာ သူက ကလေးတက္ကသိုလ်မှာ ပထမနှစ် ရုက္ခဗေဒ နောက်ဆုံးစာမေးပွဲရက်မှာ စာမေးပွဲသွားဖြေပြီးတော့ ပျောက်ဆုံးနေတာကိုသိတယ်။ သူ့မိဘတွေက ၂၆ ရက်မှာ လာတိုင်တာ၊ ၂၅ ရက်မှာ စာမေးပွဲ နောက်ဆုံးနေ့ပေါ့။ လာတိုင်တော့ ကျွန်တော်က လူပျောက်နဲ့ ဖွင့်ပေးထားတယ်။ စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်တဲ့ အချိန်မှာ သူနဲ့ယခင်က ရည်းစားဟောင်းဖြစ်တဲ့ ဈာန်မင်းထက်သူက စစ်တပ်ကလို့တော့ သိရတယ်။ စုံစမ်းတဲ့အချိန်မှာ ဈာန်မင်းထက်က ဒီကောင်မလေးကို သတ်ပြီးတော့ ဆိုင်ကယ်ကို ယူသွားတယ်ဆိုတာ သိရတယ်။ သိရတော့ မန္တလေးကို ဆင်းပြီးတော့ စုံစမ်းတယ်ပေါ့။ စုံစမ်းတဲ့အချိန်မှာ ဒီကောင့်ကို ဒီကောင်ရဲ့ ရည်းစားသစ်တစ်ယောက် ရှိသေးတယ်။ တမူးမှာနေတဲ့ ကောင်မလေးနဲ့ အဲဒီကောင်မလေးနဲ့ အတူတွေ့တယ်။ ဈာန်မင်းထက်ကို မေးတဲ့အချိန်မှာ ဈာန်မင်းထက်ကနေပြီးတော့ အေးချမ်းမွန်ဆိုတာ မသိဘူး။ သူဟာ စစ်ပြေးတစ်ဦးသာ ဖြစ်ကြောင်း ပြောတဲ့အတွက်ကြောင့် သူ့ကိုစစ်တပ် အပ်လိုက်ပါတယ်။ စစ်တပ်ကနေတစ်ဆင့် အကူအညီတောင်းပြီး စစ်ဆေးတဲ့ အချိန်မှာ ဒီကောင်မလေးကို သတ်တယ်ဆိုတာ စုံစမ်းသိရှိရတဲ့အတွက် ၅-၁၀-၂၀၁၉ နေ့မှာ ဈန်မင်းထက်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ နဲ့ ရဲစခန်း ပထမအစီရင်ခံခြင်း အမှတ် (ပ) ၂၁၄၅ နဲ့အမှုဖွင့် အရေးယူ ဆောင်ရွက်ပြီးတော့ ရဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တရားခံစစ်ဆေးနိုင်ရန်အတွက် တရားခံ လွှဲပြောင်းရယူဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ကလေးမြို့ မြို့မရဲစခန်းမှ ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်တွင် မအေးချမ်းမွန်သည် ကလေးတက္ကသိုလ်မှ စာမေးပွဲဖြေဆိုအပြီးတွင် ပျောက်ဆုံးသွားခဲ့သောကြောင့် လူပျောက်အမှတ်စဉ် (၂၂/၂၀၁၉ ) ဖြင့် ကလေးမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂ -၁၀-၂၀၁၉ နေ့ တွင် သမီး၏ သူငယ်ချင်းဖြစ်သူ တစ်ဦးက မအေးချမ်းမွန်နှင့် ခင်မင်ရင်းနှီးသူ မောင်ဈာန်မင်းထက်နှင့် မယုယုထွေးတို့သည် မန္တလေးတွင် ရောက်ရှိတည်းခိုနေပြီး လိုက်လံစုံစမ်းလျှင် တစ်စုံတစ်ရာ သိရှိနိုင်မည် ဖြစ်ကြောင်း အသိပေး ပြောဆိုခဲ့သဖြင့် သွားရောက် စုံစမ်းမေးမြန်းခဲ့ရာ ဈာန်မင်းထက်သည် မအေးချမ်းမွန် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မသိကြောင်း၊ ခွင့်မဲ့စစ်သည်တစ်ဦး ဖြစ်ကြောင်းသာ အစစ်ခံသည့်အတွက် အမှတ် ၃ ရဲစခန်းမှ မန္တလေးမြို့ အမှတ် ၁၆၁ တပ် ထိန်းတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကလေးမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဗိုလ်ဗိုလ်အောင်က အဆိုပါ တပ်ထိန်းတပ်ဖွဲ့သို့ မအေးချမ်းမွန် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အကူအညီတောင်းခံခဲ့ရာ မအေးချမ်းမွန်သည် ကလေး မြို့အဝင်မုခ်ဦးသို့ ၂၅-၉-၂၀၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရေဆန်ကျွန်းဘုရား ဈေးတန်းသို့ သွားရောက်ခဲ့ကြပြီးနောက် ဘုရားအောက်ဘက် ချုံပုတ်အတွင်း စကားပြောစဉ် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း၊ ငွေကြေးအခက်အခဲများ ဖြေရှင်းရန် ရှိခြင်းတို့ကြောင့် မအေးချမ်းမွန်၏ ဆိုင်ကယ်ကို ရလိုမှုဖြင့် သူမ၏ လည်ပင်းအား ညှစ်သတ်ခဲ့ကာ အလောင်းကို ချုံပုတ်အတွင်း ဝှက်ထားခဲ့၍ ည ၇ နာရီခွဲခန့်တွင် အခင်းဖြစ်ပွားသည့် နေရာသို့ ပြန်လည်ရောက်ရှိလာကာ မအေးချမ်းမွန်၏ အလောင်းကို မြစ်သာမြစ်ထဲသို့ မျှောချ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း စုံစမ်းသိရှိရ၍ ဖခင်ဖြစ်သူ ဦးမောင်မောင်က အောက်တိုဘာ ၅ ရက်တွင် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“အလောင်းကတော့ ယနေ့အထိ မတွေ့သေးဘူး။ လက်တွေ့လည်း မမြင်ရသေးဘူးဆိုတော့ သိပ်မယုံချင်သေးဘူး။ ဖုန်းတို့၊ ဆိုင်ကယ်တို့လည်း တစ်ခုမှ ပြန်မရသေးဘူး။ သူတို့လည်း ကြိုးတော့ ကြိုးစားတာပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှန်သမျှ ကျွန်တော့်သမီးအမှုကို အမှုမှန်ပေါ်ပေါက်ရေးကို ကြိုးပမ်းပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု မအေးချမ်းမွန်၏ဖခင် ဦးမောင်မောင်က ပြောကြားသည်။

Credit-EMG

Facebook Comments

Admin