ရောင်းချပေးနေသောမြေကွက်များမှာ အာမခံချက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ပြော

Last modified date

ရောင်းချပေးနေသောမြေကွက်များမှာအာမခံချက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။ရန်ကုန်မြို့တော်ခန်းမတွင်၊ အောက်တိုဘာလ (၇)ရက်ကကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“ နောက်အစိုးရတစ်ရပ်မှာအာမခံချက်မရှိဘူးဆိုတာ လူထုအတွက်တော့စိတ်ဆင်းရဲစရာပဲ။ အာမခံချက်ရှိကို ရှိရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရလုပ်ခဲ့တာတွေကိုဖျက်ခဲ့တာတွေတစ်ခုမှမရှိဘူး။ မြေရောင်းတာကလည်း YCDC ကလည်းရောင်းတာမဟုတ်ဘူး။ တိုင်းအစိုးရကလည်းရောင်းတာမဟုတ်ဘူး။ မြေရောင်းမယ့်ကော်မတီကြီးကိုဖွဲ့ပြီးတော့ရောင်းပေးတာပါ။ ဒီဟာကဆောက်ချင်တဲ့သူတွေ၊ ဈေးသက်သက်သာသာနဲ့ ဒီမြေတွေပေါ်မှာအသုံးပြုလို့ရအောင်လို့ရောင်းချပေးတဲ့သဘောပါ။ အာမခံချက် အပြည့်ရှိပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

မြေကွက်ဝယ်ယူရန် လျှောက်လွှာများကို တောင်​ဥက္ကလာပမြို့နယ် ​၊ အရှေ့ပိုင်းခရိုင်စုပေါင်းရုံး၌ ယနေ့(အောက်တိုဘာလ ၇ ရက်​​) တွင်​ စတင်ရောင်းချခဲ့ပြီး လျောက်လွှာတစ်စောင်လျှင် ငွေကျပ် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။“လာလျှောက်တာတွေကတော့ မြေကွက်တစ်ကို (၂)ယောက်၊ (၃)ယောက်ပြိုင်လျှောက်တာတွေလည်း ရှိပါတယ်။ လျှောက်တဲ့သူတိုင်းကိုတော့ရောင်းပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ပြန်ပြီးစိစစ်ဦးမှာပါ။ သူတို့ရဲ့ရင်းနှီးမယ့်ပမာဏတွေ၊ ဆောက်လုပ်မယ့် စီမံကိန်းတွေဘယ်လောက်ခိုင်မာမှုရှိသလဲဆိုတာ စစ်ဆေးဦးမှာပါ။ ဒါတွေကိုကြည့်ပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဖွဲ့စည်းပေးထားတဲ့ အစိုးရမြေများ စိစစ်အသုံးချရေးကော်မတီကနေစိစစ်ပြီး ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

မြေကွက်ရောင်းချပေးမည့်မြို့နယ်များမှာဒဂုံ(တောင်)ပိုင်း၊ ဒဂုံ(မြောက်)ပိုင်း၊ ဒဂုံ(အရှေ့)ပိုင်း၊ ဒဂုံ (ဆိပ်ကမ်း)၊ ရွှေပြည်သာမြို့နယ်၊ လိုင်သာယာမြို့နယ်၊ မှော်ဘီမြို့နယ် စသည့်မြို့နယ်များရှိမြေကွက်များဖြစ်ပြီး ၃၈ နေရာမှ မြေကွက်ပေါင်း ၆၀၀ နီးပါးနှင့် မြေဧကပေါင်း ၉၀ ၀န်းကျင်ကိုရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။လူနေထိုင်ရန်ရောင်းချပေးမည့်မြေကွက်ပေများမှာ ပေ ၄၀-ပေ ၆၀ ၊ ပေ ၆၀-ပေ ၆၀၊ ပေ ၆၀ -ပေ ၈၀၊ ပေ ၁၀၀-ပေ ၁၀၀၊ ပေ ၁၀၀-ပေ ၁၂၀စသည့်အကွက်များဖြစ်ပြီးစီးပွားရေး၊ စက်မှုလုပ်ငန်းသုံးရန်အတွက်လည်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိရောင်းချပေးသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments

Admin