အဆိုတော်ဖြိုးပြည့်စုံပါ အဆိုတော် ၂ ဦးနှင့် တေးရေးဆရာတို့ကို မူးယစ်ပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်
အဆိုတော်ဖြိုးပြည့်စုံ၊ အဆိုတော်ရော်နီဆန်းလွင်နှင့် တေးရေးဆရာ ငြိမ်းချမ်းကိုတို့ကို မူးယစ်ဆေးဝါးပုဒ်မဖြင့် ဗဟန်းမြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာမြေနီထပ်ရှိ ကော်ဖီဆိုင်ရှေ့တွင် အောက်တိုဘာလ ၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က သက်ဆိုင်ရာမူးယစ်တပ်ဖွဲ့မှ သတင်းအရစောင့်ဆိုင်းနေစဉ် အဆိုတော်ဖြိုးပြည့်စုံ၊ (၃၂)နှစ်၊ အဆိုတော်ရော်နီဆန်းလွင်၊ (၃၂)နှစ်နှင့် တေးရေးဆရာ ငြိမ်းချမ်းကို၊ (၂၄)နှစ်တို့ကို တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ခန်းအတွင်းမှ A တံဆိပ်ပါ KETAMINE ဟုယူဆရသော ဖြူဝါရောင်ဆေးပြား ၁ ပြားလျှင် ၀.၄ ဂရမ်ခန့် ၁၀ ပြားအား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သူတို့တွေ မူးယစ်သတင်းအရ စောင့်ဆိုင်းနေတုန်းမှာ တွေ့ရှိခဲ့လို့ ရှာဖွေရင်းကနေ ဖမ်းဆီးရမိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့တွေကို စစ်ဆေးနေတုန်းပါပဲ” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုတော်ဖြိုးပြည့်စုံ၊ (၃၂)နှစ်၊ အမှတ်(၂၀)၊ (၂၉)ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၊ အဆိုတော်ရော်နီဆန်းလွင်၊ (၃၂)နှစ်၊ (၃၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူနှင့် တေးရေးဆရာ ငြိမ်းချမ်းကို၊ (၂၄)နှစ်၊ အမှတ်မသိ၊ မင်းလွန်တောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်နေသူတို့ကို ဗဟန်းမြို့မရဲစခန်း၌ မယ(ပ)၄၄/၂၀၁၉၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Credit-အကုန်သိ