သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ သိန်း ၅၀ ကျော် လိမ်သွားသူများကို အမှုဖွင့်
တောင်ငူ၊ နိုဝင်ဘာ ၄။ ။ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာနေသူ ကရင်တိုင်းရင်းသားတစ်ဦးကို သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ ကျပ်သိန်း ၅၀ ကျော်လိမ်သွားသူ ထီရောင်းသူသုံးဦးကို အမှုဖွင့်ထားကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။ထီလာရောင်းစဉ်ကလည်း အဆိုပါသုံးဦးက ဆယ်စောင်တွဲထီလက်မှတ်နှစ်အုပ်ကို ကျပ်ငါးသိန်းခွဲဖြင့် ရောင်းချသွားသည့်အပြင် ယင်းသို့ ကျပ်သိန်း ၅၀ ကျော် ထပ်လိမ်သွားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
အဆိုပါရွာနေ စောမူးသာ (၃၀နှစ်) ကို ကြည်ထွန်း (၃၅နှစ်) နှင့် အောင်ဝင်းမြင့် (၂၇နှစ်) တို့က အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းတွင် ဆယ်စောင်တွဲထီလက်မှတ်ကို ကျပ်နှစ်သောင်းခွဲဖြင့် ရောင်းချခဲ့သည်။ထို့နောက် အောက်တိုဘာ ၂၇ ရက်တွင် ၎င်းတို့နှစ်ဦးထပ်ရောက်လာပြီး သိန်းတစ်ထောင်ပေါက်ရန်သေချာသည့် ဆယ်စောင်တွဲ ထီနှစ်အုပ်ကိုဝယ်ယူရန်ပြောဆိုပြီး ကျပ်ငါးသိန်းဖြင့် ထပ်မံရောင်းချခဲ့သည်။
ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် သိန်းတစ်ထောင်ထီပေါက်ကြောင်းအသိပေးပြီး ကျပ် ၄၅ သိန်းကျော်ကို ရယူသွားခဲ့ပြီး ထီပေါက်စဉ်ဖြင့်တိုက်ကြည့်ရာမှ မဟုတ်မှန်၊ လိမ်လည်သွားသည်ကိုသိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းထံမှ သိရသည်။ယင်းသို့ ထီဈေးအဆမတန်ဖြင့်ရောင်းခြင်း၊ ကျပ်သိန်းငါးဆယ်ကျော်လိမ်သွားခြင်းကြောင့် လိမ်လည်သူနှစ်ဦးကို ဖမ်းမိထားပြီး ကွင်းဆက်တရားခံတစ်ဦးကို ဖမ်းမိရေးလုပ်ဆောင်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
အမှုနှင့်ပတ်သက်ပြီး ကြည်ထွန်း၊ အောင်ဝင်းမြင့်နှင့် ကွင်းဆက်တရားခံ ကျော်စွာဆိုသူကို ကျောက်ကြီးရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
Credit-The Voice