နဂါးရံကပ်ကျော်စေတီတော်၌ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုမှာပုံဆိုးပန်းဆိုးဖြစ်နေဟု NLD ပါတီမှ မုံရွာအောင်ရှင် သုံးသပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိနဂါးရံကပ်ကျော်စေတီတော်၌ထားရှိသော ဒေါ်အောင်ဆန်းစုကြည်ရုပ်တုမှာ ပုံဆိုးပန်းဆိုးဖြစ်နေကြောင်း NLD ပါတီ၊ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာအောင်ရှင်က သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျေးရွာအနီးရှိ နဂါးရံကပ်ကျော်စေတီတော်တွင် ထားရှိသောအမြင့် ၁ ပေခွဲခန့်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရုပ်တုနှင့်ပတ်သက်ပြီး လက်ရှိတွင် သံဃာအချို့နှင့်ဒေသခံများကကန့်ကွက်မှုများရှိနေကြောင်း သိရသည်။

“ အဲဒီမှာကလည်း သူ့အုပ်စုနဲ့သူလုပ်နေကြတာလေ။ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်ပိုင်းမှာ ဆက်ခံတဲ့ဘုန်းကြီးကို သူနဲ့အပြိုင်တခြားအဖွဲ့ကနေပြီးတော့မကျေမနပ်ဖြစ်ပြီး ဘုန်းကြီးကိုရိုက်နှက်တယ်။ ကျောင်းကိုအပိုင်စီးကြတာပေါ့ဗျာ။ အပိုင်စီးပြီးတော့ ခုနကရုပ်ထုကိုလာပြီးတော့ချထားတာပေါ့။ ဘယ်လိုရည်ရွယ်ချက်နဲ့လာချထားလဲဆိုတာတော့ မပြောလိုဘူး။ သို့သော်လည်းပဲ ဒီရုပ်ထုကြီးက ပုံပျက်ပန်းပျက်ကြီးဗျာ။ ပုံဆိုးပန်းဆိုးကြီးနဲ့။ ဒါတစ်ကယ်ကြည်ညိုလို့၊ လေးစားလို့ချထားတဲ့ပုံမဖြစ်လောက်ဘူး။ သူတို့အပြိုင်အဆိုင်ယတြာပဲချေတာလား။ အပြိုင်အဆိုင်ပဲ မဟုတ်တာ၊လုပ်တာလားတော့မသိဘူး”ဟု NLD ပါတီ၊ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

လက်ရှိတွင် အဆိုပါရုပ်တုထားရှိသောဘုရားဝင်းကို သော့ခတ်ထားကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းပြောပြချက်အရ သိရသည်။“ မနက်ကသွားကြည့်တော့ ရဲကားတွေလည်းတွေ့တယ်။ သော့ ၂ လုံးနဲ့ခတ်ထားတာလည်းတွေ့တယ်။ ဒေသခံတွေရဲ့ပြောပြချက်အရတော့ ဖယ်ရှားလိုက်ပြီလို့ပြောတယ်။ ကျွန်တော့်မျက်လုံးနဲ့ သေချာမမြင်ရသေးဘူး”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းက ပြောသည်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ပုံတူရုပ်တုကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများတွင်လည်း အမှတ်တရအဖြစ်ထားရှိမှုများရှိကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments

Burmese News