ဒီအချက်တွေကိုမသိသေးဘူးဆိုရင် သင်ဟာ စကားပြောတတ်သူမဟုတ်သေးဘူး

စကားပဲ။ ပြောတတ်တာပေါ့..။ ချွင်းချက်ထားလို့ရတဲ့ တချို့တလေကလွဲရင် လူအများစုက စကားပြောတတ်ကြတာပဲလေ။ ဒါပေမယ့် စကားပြောတတ်တယ်ဆိုတာ အသံထွက်ရုံနဲ့တင် မပြီးသေးပါဘူး။ ကိုယ်ပြောတဲ့စကားကို သူများနားထောင်ချင်လာဖို့၊ ကိုယ်ပြောလိုက်တဲ့စကားကြောင့် တခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်မသွားဖို့ စတာတွေကလည်း အရေးကြီးပါသေးတယ်နော်..။ တကယ်လို့သာ အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာရကောင်းမှန်း သင်မသိသေးဘူးဆိုရင် သင်ဟာ စကားပြောတတ်တဲ့လူတစ်ယောက် မဟုတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ပါ။

၁) ပွင့်လင်းလွန်းတာ

ကိုယ်ကတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပဲ။ ကိုယ့်အကြောင်းတွေဆို ဘာပဲဖြစ်ဖြစ် လျို့ဝှက်မထားတတ်သလို ကိုယ်ကြုံခဲ့ရတာတွေကိုလည်း ပြန်ပြီး အားလုံးဖောက်သည်ပြန်ချတတ်တယ်။ အဲဒီရဲ့ ရလဒ်က လူတွေက ကိုယ့်ကွယ်ရာမှာ ကဲ့ရဲ့ကြတာပါ။ တချို့ကိစ္စတွေက ကိုယ့်အတွက်အလေးထားစရာဖြစ်ပေမယ့် သူတို့အတွက်တော့ လှောင်စရာလည်း ဖြစ်သွားနိုင်ပါတယ်။ ပွင့်လင်းလွန်းတာ မကောင်းပါဘူး။

၂) စပ်စုလွန်းတာ

လူတစ်ယောက်နဲ့ စကားပြောပြီဆိုရင် အဲဒီလူနဲ့ ပတ်သက်သမျှတွေကို အသေးစိတ်က အစ လိုက်ပြီး မေးခွန်းထုတ်နေမိတာဟာ စိတ်ပျက်စရာကြီးပါ။ ကိုယ်က ခင်မင်ချင်လို့၊ ရင်းရင်းနှီးနှီးဖြစ်ချင်လို့ မေးတာ ဖြစ်ကောင်းဖြစ်ပေမယ့် သူတို့ကတော့ ကိုယ်ဟာ သူတပါးအတွင်းရေးကို အရမ်းစပ်စုချင်သူတစ်ယောက်လို့ ထင်သွားတတ်ကြပါလိမ့်မယ်။

၃) အရမ်းမဝေဖန်နဲ့

ကိုယ့်နဲ့အရမ်းရင်းနှီးတဲ့သူမဟုတ်ရင် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးမလုပ်မိပါစေနဲ့။ လူတွေက အမှန်အတိုင်းပြောရင် မကြိုက်ကြဘူးလေ။ သူတို့ကို ဝေဖန်တာက သူတို့ကို စော်ကားတာပဲလို့တောင် တချို့က ခံယူထားကြတာပါ။ သင်က သူတို့မှားနေလို့ ထောက်ပြတယ်ဆိုရင်တောင် မကြာခဏ ထောက်ပြနေမိရင် သင့်ကို သူတို့က အမြင်မကြည်ပဲ ဖြစ်သွားတတ်ပါတယ်။

၎) သိပ်မချီးကျူးနဲ့

တခြားသူတစ်ယောက်ယောက်နဲ့ စကားပြောရင် သိပ်မချီးကျူးပါနဲ့။ လူတွေက သူတို့ကို အရမ်းချီးကျူးနေတယ်လို့ ထင်သွားရင် သင်ဟာ မရိုးသားတဲ့လူတစ်ယောက်လို့ တွေးမိကြမှာပါ။ သူတို့ဆီက တစ်ခုခုလိုချင်လို့ သူတို့ကို မြှောက်ပင့်နေတာလို့ စိတ်ထဲက တွေးနေကြပါလိမ့်မယ်။ ဒီတော့ အရမ်းတွေ ချီးကျူးဖို့ မကြိုးစားပါနဲ့။

၅) အတင်းမပြောနဲ့

လူတွေနဲ့ စကားပြောရင် တခြားသူတွေအကြောင်း အတင်းပြောဖို့ မကြိုးစားပါနဲ့။ သင်က သတင်းစကားတစ်ခုခုကို ပြန်လည်မျှဝေတယ်ဆိုရင်တောင် သူတို့စိတ်ထဲမှာ သင်က အတင်းပြောတတ်သူ တစ်ယောက်လို့ ထင်သွားကြမှာပါ။ သူတို့ကွယ်ရာမှာလည်း သင်က သူတို့အတင်းတွေ ပြောနေမှာ သေချာတယ်လို့ တွေးပြီး သင့်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ပင်မှာ မဟုတ်ကြတော့ဘူး။


Credit -> ShweMom

Facebook Comments

Burmese News