ဒီလိုအကျင့်စရိုက် ရှိသူတွေကို လူတွေက ရှောင်ဖယ်တတ်ကြပါတယ်တဲ့……..
လူ့အမျိုးမျိုး စိတ်အထွေထွေပဲမို့ တစ်ယောက်နဲ့ တစ်ယောက်က စိတ်သဘောထားချင်း မတူနိုင်ပါဘူး။ ဒါပေမယ့်လို့ တကယ့်ကို အပေါင်းအသင်း မလုပ်သင့်လောက်အောင် ဆိုးဝါးတဲ့ သူတွေလည်း လူ့အသိုင်းအဝိုင်းထဲမှာ ရှိလို့နေပါတယ်။ ဒီလိုမျိုး စရိုက်လက္ခဏာတွေ ရှိတဲ့ သူတွေကို လူတွေက ရှောင်ဖယ်တတ်ကြပါတယ်။
အကြွားသန်လွန်းသူ
ဘယ်အချိန်ပဲ တွေ့လိုက်တွေ့လိုက် နားနဲ့ မဆံ့အောင်ကို တရစပ် ကြွားလုံးထုတ်တတ်တဲ့ သူမျိုးကို လူတွေက အမြင်ကတ်ကြပါတယ်။ တစ်ဖက်လူ နားထောင်ချင်မှန်း၊ နားမထောင်ချင်မှန်းမသိအောင် ကြွားရရင်ပြီးရောဆိုတဲ့ သူမျိုးတွေပါ။ လူက ဟိုးအောက်ဆုံးရောက်နေရင်တောင် သူ့စကားတွေက မိုးပေါ်ထိ တက်တော့မယ့် သဘောမှာ ရှိနေပါတယ်။ ဒီလိုလူစားမျိုးတွေကို လူတွေ မနှစ်သက်တတ်ကြပါဘူး။
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောတတ်သူ
ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးလေးနဲ့ ကိုယ့်နောက်ကွယ်လည်း ရောက်ရော ကိုယ့်အတင်း လိုက်ပြောတတ်တဲ့ သူမျိုး ကြုံဖူးလား။ တကယ့်ကို ကြောက်စရာကောင်းပြီး အရမ်းမုန်းဖို့ကောင်းတဲ့ သူမျိုးတွေပါ။ ကိုယ့်ရှေ့မှာတော့ တခြားတစ်ယောက် မကောင်းကြောင်းကို ပြောတတ်ပြီး ကိုယ့်နောက်ကွယ်လည်းကျရော ကိုယ့်မကောင်းကြောင်းကို သူများဆီ ပို့တတ်တဲ့ သူမျိုးတွေကို လူတွေရွံတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေကို အပေါင်းအသင်း လုံးဝမလုပ်သင့်ပါဘူး။
ရိုင်းစိုင်းစွာ ပြုမူတတ်သူ
ရိုင်းစိုင်းလွန်းတဲ့သူဆို ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ နေရာတကာတိုင်းမှာ မိုက်မိုက်ရိုင်းရိုင်းတွေ ပြုမူဖို့ ဝန်မလေးတတ်ကြသူတွေပါ။ ဒီလိုလူမျိုးတွေကိုလည်း လူတွေက ဝေးဝေးရှောင်တတ်ကြပါတယ်။
ကတိမတည်တတ်သူ
ကိစ္စရပ်တိုင်းကို ကတိတွေ အထပ်ထပ်ပေးပြီးတော့ တစ်ခါမှ ကတိမတည်တတ်သူတွေကို လူတွေ စိတ်ပျက်တတ်ကြပါတယ်။ ဘယ်တော့မှ မပြုပြင်နိုင်တဲ့ လူစားမျိုးတွေ ဖြစ်ကြပြီးတော့ နောက်ထပ်လည်း မတည်နိုင်တဲ့ ကတိတွေပေးတတ်သူမျိုးတွေကို လူတွေ မယုံကြည်တတ်ကြတော့ပါဘူး။
Credit -> Aunty May