ဦးစိုးထွန်းရှိန်ကို အခြေအနေအချိန်အခါအရ ထီးဖြင့်ကွယ်ကာဖမ်းဆီးခေါ်ဆောင်ရခြင်းဖြစ်ဟု ဆို
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကိုထီးဖြင့်ကွယ်ကာဖမ်းဆီးခေါ်ဆောင်ရခြင်းမှာ အခြေအနေအချိန်အခါအရဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။နေပြည်တော်၊ သမ္မတအိမ်တော်တွင် နိုဝင်ဘာလ(၁၅)ရက်ကကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“တရားခံပေါ့။ ဒီဝရမ်းပြေးကိုခေါ်တဲ့အခါမှာ လက်ထိပ်ကိုပူးတွဲပြီးခတ်ရတယ်။ လေယာဉ်ပေါ်မှာ ထိုင်တဲ့အခါမှာလည်း လက်ထိပ်ကိုပူးတွဲပြီးခတ်ရတာပေါ့။ ရဲတပ်ဖွဲ့တာဝန်ရှိတဲ့သူတွေပြောတာကတော့ မိုးကလည်းရွာနေတယ်ပေါ့။ အဲဒီအချိန်မှာထီးနဲ့ကားရတယ်လို့ပြောပါတယ်။ အမှန်ကတော့လူမသိစေချင်လို့ အဲဒီလိုလုပ်တာတော့မဟုတ်ဘူး။ သူ့အခြေအနေအချိန်အခါအရဖြစ်သွားတယ်လို့တော့ ပြောပါတယ်။”ဟု နိုင်ငံတော်သမ္မတရုံးမှညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဦးစိုးထွန်းရှိန်အား ပြီးခဲ့သည့်နိုဝင်ဘာလ ၆ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးပေးမှုဖြင့် ရှမ်းပြည်နယ်တာချီလိတ်မြို့သို့ဖမ်းဆီးခေါ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ကထီးများဖြင့်ကာပြီး ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်ကာ ယင်းကဲ့သို့ခေါ်ဆောင်လာမှုအပေါ် ပြည်သူလူထုမှဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
တရားရင်ဆိုင်နေရသည့် ဦးစိုးထွန်းရှိန်သည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်ပြီး မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေပိဿာများမပေးဆောင်သည့်အပြင် ရွှေတူးဖေါ်မှုကို တရားမဝင်ဆက်လက်လုပ်ကိုင်နေသဖြင့် သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့်ပါ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းကရမည်းသင်းမြို့မရဲစခန်း၌ အမှုဖွင့်ခံထားရသူဖြစ်သည်။
အမှု၌ တရားလိုပြသက်သေ ၁၈ ဦးတင်သွင်းထားပြီးလာမည့်နိုဝင်ဘာလ ၂၆ ရက်၌ တတိယအကြိမ်မြောက် ရုံးချိန်းအဖြစ်စစ်ဆေးရန် ရမည်းသင်းမြို့နယ်တရားသူကြီးကရက်ချိန်းပေးသွားခဲ့ကာ ယင်းနေ့၌ စွပ်စွဲခံရသူဘက်မှ ပြန်လှန်မေးမြန်းချေပသွားမည်ဖြစ်သည်။
Credit-အကုန်သိ