သိမ်ဖြူခုံးတံတားအောက်မှာ ၈ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားသူတွေကို ဖမ်းမိ

အခင်းဖြစ်ပွားပြီး ၃ လအကြာမှာ ဖမ်းမိခဲ့တာပါ။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူခုံးတံတားအောက်မှာ အသက် ၈ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်စဉ် မိန်းကလေးငယ်ကအော်ဟစ်နေတာကြောင့် ထိုးကြိတ်ထုရိုက်ကာ အဓမ္မဆက်လက်ပြုကျင့်ပြီး ဆာလာအိတ်အတွင်း ထည့်ကာ သံလမ်းအနီးမှာ ချထားခဲ့ကြောင်း ကျုးလွန်သူ (၂) ဦးက ထွက်ဆိုပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က ခုံးတံတားအောက် ပုဇွန်တောင်ဘူတာနဲ့ ရန်ကုန်ဘူတာကြီးအကြား ရထားသံလမ်းဘေးမှာ မြွေရေခွံနဲ့ ထုတ်ပိုးထားတဲ့ မိန်းကလေးငယ်ကို ဒဏ်ရာတွေနဲ့ အဝတ်အစားမပါဘဲ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သေဆုံးသူ မိန်းကလေးငယ်မှာ ဖခင်နဲ့ အတူ အောင်ဆန်းအားကစားကွင်းအနီး ပျံကျနေထိုင်သူဖြစ်ပြီး အမှုကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်မှူးဒုရဲအုပ် ထွန်းထွန်းဦးက တရားလိုလုပ်ကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ အမှုဖွင့်ထားခဲ့တာပါ။

အခင်းဖြစ်ရပ်ကို အသေးစိတ်စုံစမ်းခဲ့ရာ ပြစ်မှုကျုးလွန်သူမှာ စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင် (ခ) သရဲမ (ခ) ဖင်ကြီး ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်တဲ့နေ့က စပြီး ပျောက်နေတယ်လို့ သိရပြီး ဆက်လက်စုံစမ်းရာမှာ နိုဝင်ဘာ ၂၀ ရက်မှာကျိုက္ခမီမြို့မှာ ဖမ်းမိခဲ့ပါတယ်။

စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင် (ခ) သရဲမ (ခ) ဖင်ကြီးကို စစ်ဆေးရာ အခင်းဖြစ်ပွားစဉ် သြဂုတ်လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်ကမိန်းကလေးငယ်မှာ ဖခင်နဲ့အတူ အောင်ဆန်းအားကစားကွင်း၊ ရွှေ ကားဂိတ်ရှေ့ ကွပ်ပစ်မှာ အိပ်ပျော်နေခဲ့တယ်လို့ ဆိုပါတယ်။

အိပ်ပျော်နေစဉ်မှာ မိန်းကလေးငယ်ကို ပွေ့ချီကာ သိမ်ဖြူခုံးတံတားအောက်ကို သယ်ဆောင်လာပြီး ထွန်းဦး (ခ) ရှမ်းလေးနဲ့ အတူ မိန်းကလေးကို အဓမ္မပြုကျင့် ထိုးကြိတ်ရိုက်နှက်ပြီး ဆာလာအိတ်အတွင်းထည့်ပြီး သံလမ်းအနီး ပစ်ချခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။

 ကျုးလွန်သူ ထွန်းထွန်းဦး (ခ) ရှမ်းလေးကို လည်း နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်ဘူတာကြီး ပန်းဆိုးတန်းခုံးတံတားအောက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ် လက်ရှိတော့ ပြစ်မှုကျုးလွန်သူ (၂) ဦးကို ဥပဒေနဲ့ အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်နေတယ်လို့လည်းလည်း သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese News