လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အများဆုံးဖြစ်လာတဲ့ လည်ပင်းကျီးပေါင်းရောဂါ

Last modified date

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာကုသဌာနမှာ အရိုးရောဂါနဲ့ လာရောက်ပြသတဲ့ လူနာ ၁ဝဝ မှာ ၄ဝ ဦးလောက်ဟာ လည်ပင်းကျီးပေါင်းရောဂါ ခံစားနေရတဲ့ လူနာတွေဖြစ်တယ်လို့ သိရပါတယ်။ လည်ပင်းကျီးပေါင်းရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဆေးပညာဌာနက အရိုးနှင့်အကြော အထူးကုဆရာဝန်ကြီး ”ပါမောက္ခ ဒေါက်တာ မော်မော်ဦး”ကို မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

mmo_0.jpg (840×610)

အရိုးရောဂါတွေနဲ့ပတ်သက်ရင် ထိခိုက်ဒဏ်ရာရတာ မဟုတ်ဘဲ အများဆုံးဖြစ်လေ့ရှိတဲ့ ရောဂါတွေကတော့ ခါးနာ၊ ဒူးနာ၊ လည်ပင်ကျီးပေါင်းတက် ရောဂါနဲ့ဖနောင့်နာ ရောဂါတွေဖြစ်ပါတယ်။ ဒီရောဂါတွေထဲက လည်ပင်းကျီးပေါင်းရောဂါဟာ အခုဆို အသက်ငယ်ရွယ်တဲ့ လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အများဆုံးဖြစ်လာတယ်လို့ အရိုးအထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။

Q-လည်ပင်းကျီးပေါင်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပထမဦးစွာ သိလိုပါတယ်?

A-အရင်တုန်းကဆိုရင်တော့ လူကြီးတွေမှာ လည်ပင်းကျီးပေါင်းတက်တဲ့ရောဂါက ပိုအဖြစ်များတယ်။ ကျီးပေါင်းတွေကြောင့် လည်ရိုးဆစ်တွေကြားထဲမှာရှိနေတဲ့ နေရာလေးတွေ ကျဉ်းသွားတယ်။ ကျဉ်းသွားရင် အာရုံကြောကို ဖိတဲ့အခါ လက်တွေ၊ ခြေထောက်တွေကျဉ်တာ ဖြစ်နိုင်တယ်။ လမ်းမလျှောက်နိုင်တာ၊ အားနည်းတာဖြစ်နိုင်တယ်။ဒါပေမဲ့ အခုခေတ်မှာတော့ လူငယ်တွေလည်းဖြစ်လာတယ်။ စာကြည့်တာ၊ ကွန်ပျူတာကြည့်တာတွေကို ကြာရှည်လုပ်လို့ဖြစ်တဲ့ ကျီးပေါင်းတွေပေါ့။ အရင်တုန်းကဆိုရင် လူတွေက အားကစားတွေလုပ်ကြတယ်။ အခုခေတ် လူတွေကျတော့ အိုင်ဖုန်းတွေ၊ အိုင်ပက်တွေ၊ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေ၊Tablet တွေ၊ တီဗီတွေ ဒါတွေနဲ့ပဲ အပြင်မထွက်ဘဲနဲ့နေတော့ လှုပ်ရှားမှုနည်းလာတယ်။ နောက်တစ်ခုက ဒါတွေအကုန်လုံးက မျက်လုံးကို အသုံးပြုရတဲ့အတွက် ငြိမ်ပြီးတော့နေရတဲ့အတွက် လည်ပင်းကလည်း ပိုပြီးတော့ ဒဏ်ပိလာတယ်။ အခုဆိုလူငယ်တွေပိုင်းမှာပါ ပိုဖြစ်လာတယ်။ လုပ်ငန်းခွင်မှာဆိုလည်း ကွန်ပျူတာသုံးတယ်ဆိုရင် ထိုင်ပြီးတော့ပဲ နေနေရတဲ့အခါကျတော့ ပိုဆိုးလာတတ်တယ်။ ဒါ့ကြောင့်လူနာတွေ တဖြည်းဖြည်းနဲ့များလာတာဖြစ်ပါတယ်။

Q-လည်ပင်းကျီးပေါင်းဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြပါသလဲ?

A-လည်ပင်းထဲမှာ လည်ရိုးဆစ်လေး ခုနစ်ခုရှိတယ်။ အဲဒီခုနစ်ခုက အပေါ်မှာရှိတဲ့ ဦးခေါင်းကြီးကို ဘောလုံးကိုတုတ်နဲ့ထောက်သလို ထောက်ထားတာ။ အဲဒီလို ထောက်ထားတဲ့အတွက် တည့်တည့်မတ်မတ်နေတယ်ဆိုရင် အလယ်ကောင်တည့်တည့်က ထောက်ထားတဲ့အတွက် weight က သိပ်မသိသာဘူး။ ဦးခေါင်းရှေ့ကိုငုံ့မယ်ဆိုရင် weight က ပိုကျတယ်။ ရှေ့ငုံ့တာနဲ့ လည်ပင်းအရိုးက လိုက်ထိန်းရတဲ့အပြင် direction ပြောင်းသွား တဲ့အတွက် ကြွက်သားတွေကလည်းလိုက်ပြီးထိန်းရတယ်။ကွန်ပျူတာ သုံးတဲ့အချိန်၊ စာရေးတဲ့အချိန်တွေမှာ ပိုပြီးတော့ weight ပိတယ်။ အဲဒါကြောင့်မို့လို့ စစချင်းခံစားရမယ်ဆိုရင် ဇက်ကြောတက်သလို ခံစားရမယ်။ ကြွက်သားတွေ တင်းတယ်၊ ရှေ့ငုံ့လို့မရ နောက်လှန်လို့မရဘူး။ ဘေးဘီကို လှည့်ကြည့်လို့မရဘူး။ အဲဒီကနေတစ်ဆင့် နာလာတယ်ဆိုရင် အရိုးဆရာဝန်တွေကတော့ ဓာတ်မှန်ရိုက်ကြည့်လေ့ရှိတယ်။ လည်ပင်းဇက်ကြောတက်တိုင်း၊ အကြောထိုးတိုင်း၊ ကြွက်သားတွေ တင်းနေတိုင်းတော့ ကျီးပေါင်းရှိတယ်လို့ပြောလို့မရဘူး။ဇက်နာတာကတော့ အရင်ဆုံးဖြစ်တာပေါ့။

 

နောက်ပိုင်းကျတဲ့အခါ ဇက်နာတာကနေ အာရုံကြောပိပြီဆိုရင် လက်တွေထုံတတ်တယ်၊ ကျဉ်တတ်တယ်။ ကျဉ်လာရာကနေပြီးတော့ လက်ရဲ့ကြွက်သားတွေကိုပါ ထိခိုက်လာပြိဆိုရင်တော့ ပစ္စည်းတွေကိုဆွဲတဲ့အခါ မဆွဲနိုင်တော့ဘူး။ ခွက်တွေဘာတွေကိုင်တဲ့အခါ မကိုင်နိုင်တော့ဘူး။ ပြုတ်ကျလာတယ်။တကယ်အဆိုးဆုံးအခြေအနေ ဆရာဝန်နဲ့မဖြစ်မနေပြရမယ်၊ ခွဲစိတ်ဖို့နီးစပ်တယ်ဆိုတာကတော့ ကျောရိုးထဲမှာရှိတဲ့အာရုံကြောမကြီးပိသွားတဲ့အခါကျရင် လမ်းလျှောက်ရတာ မငြိမ်တော့ဘူး။ ခြေလှမ်းတွေလှမ်းတာ မညီတဲ့အထိဖြစ်နိုင်တယ်။ ဒါ့ပြင် ဆီးသွားတာနဲ့ ဝမ်းသွားတာတို့ကို မထိန်းနိုင်တာတွေဖြစ် လာမယ်။ အဲဒါဆိုရင် ဒီကျီးပေါင်းဟာ တော်တော်ဆိုးတဲ့ အခြေအနေမှာရှိတယ်။ ခွဲစိတ်ဖို့လိုတဲ့ အခြေအနေလောက်ထိကို ရောက်လာနိုင်တယ်။

Image result for ကျီးပေါင်း

Q-ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသင့်ပါသလဲ?

A-တကယ်တော့ ကိုယ့်ဘာသာကို လည်ပင်းညောင်းတာတို့ တစ်ခုခုဖြစ်ခဲ့ရင် ဘာအလုပ်တွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားဖို့လိုတယ်။ အလုပ်တွေများသွားလား၊ များတဲ့နေ့မှဖြစ်တာလား။ ဒါဆိုရင် လည်ပင်းကိုတည့်တည့်ထားမယ်၊ အနားယူမယ်။ သာမန်အကိုက်အခဲပျောက်ဆေးလေး သောက်မယ်ဆိုရင် အဆင်ပြေတယ်။ဒါပေမဲ့ ဆေးသောက်တယ်၊ နားလို့မှ မသက်သာရင်တော့ ဆရာဝန်ကို သွားပြသင့်ပါတယ်။ ခုနကပြောတဲ့ ခြေလက် ထုံကျဉ်တယ်၊ အားပျော့တယ် ဒီလိုအခြေ အနေမျိုးဆိုရင်တော့ မပြလို့ မဖြစ်ဘူး။ အရေးပေါ် ဖြစ်တဲ့ ဆီးမထိန်းနိုင်တာ၊ ဝမ်းမထိန်းနိုင်တာနဲ့ လမ်းလျှောက်ရတာ မငြိမ်တော့ဘူးဆိုရင်တော့ မပြရင်မဖြစ်တဲ့ အခြေအနေဖြစ်ပါတယ်။ တကယ်လို့ ခြေလက်တွေ ကျဉ်တယ် အားမရှိဘူးဆိုရင်တော့ MRI သံလိုက်ဓာတ်မှန် ရိုက်ကြည့်ရမယ်။

 

Q-ဒီရောဂါဖြစ်ရင် လူနာတွေအနေနဲ့ ဘယ်လိုနေထိုင်ပြီး ကုသမှုခံယူသင့်ပါသလဲ?

A-ကြွက်သားတွေပဲတင်းတယ်၊ ဒဏ်ပိတယ်၊ အရိုးမှာကျီးပေါင်းတွေလည်း အများကြီးမရှိဘူးဆို ခွဲစိတ်စရာမလိုပါဘူး။ ဆေးသောက်ရမယ်။ အရိုးအကြောရောဂါတွေမှာ ဘယ်ဟာက အရေးကြီးလဲဆိုတော့ကိုယ့်ရဲ့ နေပုံထိုင်ပုံဆင်ခြင်ဖို့က အရေးကြီးတယ်။ဒီဝေဒနာကို ဖြစ်စေတဲ့ ကိုယ့်အလုပ်လုပ်နေတဲ့ အနေအထားကို တတ်နိုင်သလောက်ပြင်ရမယ်။ ခေါင်းငုံ့ပြီးလုပ်ရတဲ့ အချိန်ကြာလာရင် ခေါင်းငုံ့တဲ့အချိန်ကို နည်းနိုင်သမျှနည်းအောင် ထားပေးဖို့လိုတယ်။ တစ်နေကုန် အလုပ်လုပ်နေတာမျိုး မလုပ်ဘဲနဲ့ နာရီဝက်၊ တစ်နာရီလောက်ဆို အနေအထားကိုပြောင်းပေးရမယ်။ ပေပြီးတော့ အလုပ်ကိုပြီးအောင် လုပ်မယ်ဆိုရင်တော့ ဒီဒဏ်ကို ပိုခံရနိုင်မယ်။နောက်တစ်ချက်က လည်ပင်းကျီးပေါင်းအတွက်က ကွန်ပျူတာကြည့်တာ၊ တီဗီကြည့်တာ၊ ဖုန်းကိုငုံ့ပြီးသုံးတာနဲ့ စာကိုအကြာကြီးဖတ်တာတွေကို လျှော့ရမယ်။အိမ်တွေမှာ သတိပေးချင်တာက တီဗီကိုမျက်စိနဲ့တစ်တန်းထဲမှာ ထားရမယ်။နောက်ပြီးတော့ ကိုယ်အိပ်တဲ့ ခေါင်းအုံးတွေပါ ပြင်ရမယ်။ အမြင့်ကြီးလည်း မအုံးရဘူး၊ အနိမ့်လည်း မအုံးရဘူး။ အမာကြီးလည်း မအုံးရဘူး။ ခေါင်းအုံးရဲ့အထူကကျတော့ ကိုယ့်ပခုံးစွန်းနဲ့နားရွက်နဲ့ကြားကအကွာအဝေးကကိုယ့်အတွက် သင့်တော်တဲ့ ခေါင်းအုံးပေါ့။ ခေါင်းအုံးအုံးတယ်ဆိုရင် လည်ပင်းအောက်ထဲပါထည့်ရမယ်၊ လည်ပင်းကို support ပေးတာမျိုးဖြစ်ရမယ်။ကုပုံကုနည်းကျတော့ ပထမ ဓာတ်မှန်ရိုက်ကြည့်လို့ ကျီးပေါင်းတွေမရှိဘူးဆိုရင် ဆေးပေးမယ်၊ နေပုံထိုင်ပုံပြင်ဆင်ရမယ်။ နောက်တစ်မျိုးက လေ့ကျင့်ခန်း လုပ်ရမယ်။လေ့ကျင့်ခန်းက လည်ပင်းရဲ့ လေ့ကျင့်ခန်း၊ ပုံမှန်လှုပ်ရှားမှုကိုလုပ်တာ။ လေ့ကျင့်ခန်းလုပ်တာဆိုပေမဲ့ ဇက်ချိုးတာမျိုးတော့ မလုပ်ရဘူး။ အစိုးရ ဆေးရုံတွေနဲ့ ပုဂ္ဂလိဆေးရုံတွေမှာ လေ့ကျင့်ခန်းဌာနတွေမှာ သင့်တော်တဲ့ လေ့ကျင့်ခန်းကို သွားလုပ်ပါ။တကယ်လို့ လက်တွေလည်း ကျဉ်လို့ပစ္စည်းတွေလည်း လွတ်ကျတယ်၊ ခြေထောက်တွေသွားရတာ မငြိမ်ဘူး။ အဲဒီလိုဒုက္ခမျိုးတွေရှိတယ်ဆိုရင်တော့ ခွဲစိတ်ရတဲ့ အခြေ အနေရောက်လာပြီ။ ခွဲစိတ်တာကတော့ နောက်ဆုံးအဆင့်ပါပဲ။ဒီခေတ်က ကိုယ့်ရဲ့ နေထိုင်မှုပုံစံကိုပြောင်းဖို့က အတော်ခက်တယ်။ နည်းနည်းသက်သာပြီလို့ ယူဆတာနဲ့အလုပ်ပြန်လုပ်တယ်။ ဆေးသောက်ပြီး ဖိပြီးအလုပ်တွေလုပ်မယ်ဆိုရင် သိပ်အဆင်မပြေဘူး။

Image result for ကျီးပေါင်း

Q-လည်ပင်းကျီးပေါင်းရောဂါ မဖြစ်အာင် ဘယ်လိုဆင်ခြင်နေထိုင်သင့်ပါသလဲ?

A-ဖြစ်ပြီးသား ကျီးပေါင်းကတော့ မပျောက်ဘူး။ မဖြစ်အောင် ဆင်ခြင်နေထိုင်ဖို့က အဓိကပဲ။ မဖြစ်အောင်လို့ကတော့ လေ့ကျင့်ခန်းတွေ စောစောစီးစီး လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့နေပုံထိုင်ပုံကို အိပ်တာက အစ ခေါင်းအုံးကို အဆင်ပြေအောင်လုပ်ရမယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်မယ်၊ ဘော်ဒီဝိတ်လည်း ထိန်းမယ်၊ အလုပ်ကိုလည်း မျှမျှတတလုပ်မယ်ဆိုရင် ဖြစ်တာပိုနည်းလာနိုင်တယ်။ တစ်နာရီလောက်ထိ အနေအထားတစ်ခုမှာ အကြာကြီး မနေသင့်ပါဘူး။ကျီးပေါင်းက လူတိုင်းမှာဖြစ်နိုင်တယ်။ ခုခေတ်က စာမဖတ်လို့မရဘူး။ ကွန်ပျူတာ မသုံးလို့မရဘူး။ နောက်ပြီး အစားအသောက်ကိုလည်း မျှမျှတတစားရမယ်။ ဒီလိုမျိုး အာဟာရပြည့်ပြည့်စားမယ်၊ လေ့ကျင့်ခန်းလည်းလုပ် မယ်၊ နေပုံထိုင်ပုံလည်း ဆင်ခြင်မယ်ဆို ဒါကမဖြစ်အောင် ကြိုတင် ကာကွယ်တာပါပဲ။

Image result for ကျီးပေါင်း

Q-ဖြည့်စွက် ပြောစရာရှိရင်လည်း ပြောပေးစေလိုပါတယ်?

A-ဘယ်သူမဆို လည်ပင်းကျီးပေါင်းရောဂါကို မခံစားဖူးတဲ့သူဆိုတာ မရှိပါဘူး။ လူတစ်ဦးအနေနဲ့ဘဝမှာ အနည်းဆုံး သုံးကြိမ်လောက်ခံစားရတယ်လို့တောင်ပြောတယ်။ တကယ်တော့ ဒီရောဂါက ဒီဘက်ခေတ်မှာ ပိုဖြစ်လာတာကို သိစေချင်ပါတယ်။ ပိုများလာတဲ့အကြောင်းရင်းတွေကလည်း portable electrical devices တွေနဲ့ audio visual devices တွေက ဒီဟာကိုဖြစ်ဖို့အားပေးတယ်။ နောင်ကျရင် ဒီထက်ပိုပြီးတော့ များလာ နိုင်ပါတယ်။အသုံးလျှော့ပါလို့တော့ မပြောလိုဘူး။သုံး တဲ့အခါမှာ စနစ်တကျသုံးတတ်ဖို့လိုပါတယ်။ကိုယ့်မှာရောဂါရှိနေပြီဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေကို တိုင်ပင်ဖို့ပြောချင်ပါတယ်။ ဆီးမထိန်းနိုင်တာ၊ ဝမ်းမထိန်းနိုင်တာ၊ လမ်းလျှေက်ရင် ခြေလှမ်းလှမ်းတာမညီတဲ့အထိ ဖြစ်လာရင်တော့ ဆေးရုံကိုစောစောစီးစီးပြဖို့ မမေ့နဲ့ဆိုတာကို ပြောချင်ပါတယ်။

Source : Myanmar Times

Facebook Comments

Burmese News